Sunday, November 13, 2011

ရန်ကုန်တွင်နေထိုင်သူများနဲ့  ရန်ကုန်သူရန်ကုန်သားများအတွက်



ရန်ကုန်-၁-၂-၃

စိတ်ပါလက်ပါလုပ်နေရတဲ့အလုပ်တွေထဲ

အချစ်ဆိုတာပုဂ္ဂလိက ကပ်ရောဂါ

အဆင့်မြင့်ထုတ်လုပ်ထားတဲ့ အနမ်းတွေ

ကို့စ်ပြည့်အောင်သောက်တာတောင် မပျောက်ဘူး

ကမ္ဘာဦးကနေဒီနေ့အထိ..။

အသုံးတည့်တာမှန်သမျှ

သွေးကြောထဲကနေသွင်းခဲ့တယ်

အသုံးတည့်တာမှန်သမျှ

ဒွါရအားလုံးကနေသွင်းကြတယ်

ငါးအကြီးကြီးတွေကို

ငါးသေးသေးလေးတွေနဲ့မျှားသလိုမျိုး

လူအကြီးကြီးတွေကိုလည်း

လူသေးသေးလေးတွေနဲ့မျှားကြတယ်။

ဂုံးတံတားအဆင်းမှာ

ကြော်ငြာကမ်းတဲ့အလုပ်ထက်

ရင်နာရသက်သာတဲ့အလုပ်များ မရှိဘူးလား

ဆေးနဲ့ယဉ်ပါးလာတဲ့ရောဂါပိုးတွေလို

လူတွေကကြော်ငြာနဲ့ ယဉ်ပါးလို့

ရန်ကုန်ဟာ

ကမောက်ကမတွေနဲ့ဖောက်ပြားတယ်

ရန်ကုန်ဟာ

ချောက်ကမ်းထိပ်မှာငြိမ်နေတဲ့ဘောလုံး။   ။


ရန်ကုန်.................

ဘာတံဆိပ်ကပ်ကပ် အလွမ်းကတော့အသစ်ပဲ

လူတွေဆိုတာ

သားဖွားခန်းက၀င်လာပြီး

မီးခိုးခေါင်းတိုင်ကနေပြန်ထွက်သွားကြတယ်

လောကကြီးနဲ့ဆက်ဆံရေးကအဲသလို။

ရုပ်ရှင်ရုံတွေအရှေ့မှာ

မှောင်ခိုလက်မှတ်ဝယ်ပြီးမှ

စွန့်စွန့်စားစားချစ်ရာရောက်တဲ့မြို့

ကောင်မလေးတွေလည်း

အပေါ်နှုတ်ခမ်းချိုပြီး

အောက်နှုတ်ခမ်းခါးတယ်။

ဒီမြို့မှာ

ချွေးထုတ်ခန်းတွေမလိုဘူး

အိမ်လခအကြောင်းလက်တို့ပြောကြရုံနဲ့

ချွေးပြန်တယ်

လမ်းဘေးဈေးသည်တွေရဲ့နာရီမေးသံမှာ

တစ်နေ့စာဝမ်းရေးဟာ

ကားနံပတ်လိုအသေရေးပြီးသား။

ဘယ်လိုယဉ်ကျေးမှုနဲ့ဖြစ်ဖြစ်

ငါ့ကိုပြန်ချစ်ပါလင်းလင်းရယ်

ဒီမြို့မှာလိုနေတဲ့

ဆောင်းရာသီနဲ့ညည်းကိုတင်တောင်းမယ်။

နာဇီအကျဉ်းစခန်းထဲက

ဂျစ်ပစီမလေးတွေ

ဗီတာမင်(စီ)လိုအပ်သလို

ညည်းလည်းငါ့ကိုလိုအပ်တယ်

ကမ္ဘာကြီးထဲမှာငါ့အတွက်

ရသင့်တဲ့အောက်စီဂျင်ဝေစုလို

ငါကလည်းညည်းကိုလိုအပ်တယ်

ဒီမြို့မှာ....။
ကြပ်တည်းမှုတွေကလည်း မကြပ်တည်းတော့သလိုမျိုးနဲ့

ခေတ်ကိုဖြည်ချရတာမောတယ် ပြုံးလိုက်မဲ့လိုက်

ကားတွေကိုဆီဖြည့်သလို လူတွေထဲစိတ်တွေထပ်ဖြည့်ရ

စားလိုစိတ် သွားလိုစိတ် ၀ါးလိုစိတ် ရေးသားလိုစိတ်...စသဖြင့်တွေ..။

လမ်းပေါ်တက်လိုက်တာနဲ့အပူထုပ်ကဖုတ်ခနဲပြုတ်ကျလာ

နွေနေပူမှာဖြတ်ကျော်လာဖူးမှ...ခပ်တည်တည်ညည်းဆိုလိုက်

မနက်တိုင်းကြက်သားသည်နဲ့နေ့စွဲချင်းမီးကူးလိုက်ဖို့

ဆောင်းခါကြီးခွပူနေတာတော့လွန်လွန်းတယ်

အပြစ်တွေအမှိုက်ပုံသလိုပုံချဖို

ဈေးကောက်နဲ့စိတ်ကောက်ပြီး အရောင်းအ၀ယ်ဖြောင့်ဖို့

အခင်းအကျင်းကအစပူပူလောင်လောင်ရပ်ကွက်ဈေးလေးထဲ

ငါ့ဝယ်လိုအားကိုပစ်ထည့်လိုက်ရတာ

နင်ပဲငဆရစ်သမ်နဲ့စပယ်ယာတွေပါးစပ်ထဲ

ငါ့ဘ၀ကိုထိုးအပ်လိုက်ရတာ

တစ်နေ့မိနစ်ကိုးဆယ်ပုံမှန်

(နေရာတကာ)

ခုန်ပျံနေပါလား..ရန်ကုန်မြို့ကြီးမင်းခင်ဗျာ

စုန်ဆန်စရာမြစ်တစ်စင်းလည်းကောခဲ့ပြီ

သစ်တောတွေက

အခုမှမူကြိုမှာ........။       ။


အောင်မှူးဝေ


3 မှတ်ချက်:

လွင်ပြင်လှိုင်းငယ် said...

အော် ရန်ကုန် ရန်ကုန်
ဖတ်သွားပါတယ်ဗျာ ကဗျာကောင်းလေးပါပဲ
အမြဲအားပေးလျက်

♫♪★လွမ်းပိုင်ရှင်★♪♫ said...

အော် ရန်ကုန် ရန်ကုန်
ကတုံး တုံးပြီး ဘုန်းကြီးဝတ် တောထွက်ရအောင်လည်း ဟင်း တောကပြုံး အော် မြစ်ထဲခုန်ချ ရေနစ်သေပလေ့စေဆိုတော့လည်း ဟင်း ရေကခန်းနေပြီး ကြာပါတယ်ကွာ ၀ါယာကြိုးကိုင် ရှော့ရိုက်သေမယ်ဆိုတော့လည်း မီးကမလာ အော် ရန်ကုန်ရန်ကုန် ဟင်း ခက်တယ်ခက်တယ်

Yin Sue said...

ဒီကဗျာကတော့ အရမ်းမိုက်တယ်ဗျာ........မပြောပြတတ်အောင်ဘဲ....တင်စားပုံတွေဆန်းလွန်းတယ်.....လေးစားပါတယ်.......ကိုအောင်မှူးဝေ

Post a Comment

ခုနှစ်အလိုက် ရေးသားခဲ့သော စာများကို အောက်ပါလင့်များမှာ နှိပ်၍ ရှာဖတ်ပါ

ဒီဝက်ဆိုဒ်မှာအသစ်တင်တိုင်း FB ကနေ ဖတ်နိုင်ရန် အောက်တွင် Like ကို နှိပ်ထားပါ။ Like ပေါ်တွင် အမှန်ခြစ်ရှိနေပါက ထပ်နှိပ်စရာမလိုပါ။
×
Like ပြီးလျှင် X ကိုနှိပ်ပါဖုန်းထဲကိုထည့်ဖို့ မောင်(စွယ်စုံကျမ်း) ၀က်ဆိုဒ်၏ MSSK Apk Download Click Here