Wednesday, February 29, 2012

ကြယ်ဝင်စားတဲ့လ

 ရင်ထဲမှာ အပူရှိတာ

ဘယ်သူသိမှာ လဲ.........ခိုင်........။

ကွယ်ရာခိုး ခိုးကြည့်

စိုး ထိတ်လို့သိမှာကြောတ်တယ်......။

အကြည့်စုံ ခဏမှာတောင်

ရင်ထဲက မနေတက်

တမင်လွှဲ လို့နေရတယ်.....။

ခံစားချက်နဲ့ ဘဝရှင်သန်မှုတွေက

အစပ်ဟပ်မတဲ့ကြလို့......

ရင်ထဲက လမင်း

ကြယ်တစ်စင်းသာသာ လင်းခွင့်ရခဲ့တယ်......

ငါ ယုံကြည်တယ် ကောင်မလေး

မှုန်ရည်တဲ့ ညနေခင်းတွေက

ငါ့အတွက် အလွမ်းတွေပဲ ဆိုတာ

တမာတွေ ပွင့်ကြလို့

အညာနွေ လေသင့်တိုင်း

ငါမင်း ကို

ကဗျာရေး ရင်းသတိရနေအုံးမှာပါဘဲ............။
  ရဝေသစ်(မြတမာ)

ဗိုလ်ချုပ်လမ်းပေါ်မှာ.....

အထူးမျိုးချစ်စိတ်ရှိသည့် နေ့ရက်များဟူ၍မရှိ
သင်သည် အခြားနေ့များထက် ပိုမိုထူးကဲ၍
မျိုးချစ်စိတ်ရှိရမည့်နေ့များဟူ၍မရှိ
သင့်ရင်ထဲ ကျွန်ုပ်တို့နိုင်ငံတော်အလံကို
နေ့စဉ်လွှင့်ထူထားဖို့သာ ကျွန်ုပ်ပြောလိုသည်။ 
(၀ူဒရိုးဝီလ်ဆင်၊၊အမေရိကန်သမ္မတ-၂၈)
 
ဆိုးဝါးချက်က
အဖွဲ့အနွဲ့မှာ စိတ်ကူးတွေ ကပ်ပါမသွားဘူး
ကော်သုတ်ထားတဲ့ လက်ကိုင်ပုဝါလို
ဘ၀တစ်ခုလုံး တောင့်နေတယ်။
 
မီးပွိုင့်ကို  ဖြတ်မောင်းလိုက်တာဟာ
အလံတော်ကို  မထီမဲ့မြင်ပြုလိုက်သလိုပဲ
ဈေးကလေးတွေက အငြိမ်မနေတတ်တော့လို့
နေ့တစ်နေ့နဲ့  လိုက်တမ်းပြေးတမ်း  ကစားနေတယ်။
 
ပါမစ်အသစ်ကလေး  ၀တ်ဆင်လာတဲ့ ကားတစ်စင်းလို
ရောဂါအသစ်တွေ  ၀တ်ဆင်တတ်တဲ့  မိန်းမ
အထူးကုဆေးရုံပေါ်မှာ  သွေးလိုတယ်ကြားတဲ့နေ့က
ပျားလိမ္မော်တွေဘယ်ဈေးလဲမေးမိတယ်။
 
ဈေးသည်က..
အခုမှ..အတောင်ပံပေါက်
အဘိဓာန်ထဲက ခုန်ထွက်လာတဲ့ စကားလုံးလိုမျိုး
ငါ့စကားကို နားထောင်ပြီးတော့   ပြုံးတမဲ့မဲ့
ဒီမီးပွိုင့်ကို  ငါဖြတ်မောင်းရတော့မှာလား
သွေးရော စိတ်ရော နွေးလာတယ်။
 
အစ်ကိုကြီးရယ်...ကလေးအတွက်နို့မထွက်လို့ပါ
ခိုလေးတွေလည်း  ငါ့အနားမှာ  ပျံဝဲနေကြတယ်
ရေတမာပင်ပေါ်  သူတို့သွားမနားကြဘူး
ဘာလဲ  ငါ့အရိပ်က  ပိုအေးမယ်ထင်လို့လား 
ခင်ဝမ်းရဲ့ ဧရာဝတီကို နားထောင်နေဆဲခဏပဲ
ငါ့အရိပ်က အေးချမ်းခဲ့ဖူးတယ်။
 
အရောင်တွေ ၀ချင်တိုင်းဝနေတဲ့
စားပွဲတစ်ခုရှေ့ငါရပ်မိတော့
ငါဟာ
လူတစ်ယောက်ရဲ့ သိမ်ငယ်ပိုင်ခွင့်အပြည့်နဲ့
မုန့်ပုံးကိုစားပွဲပေါ်တင်လိုက်ရ
ငါ...
လူတစ်ယောက်ဖြစ်ကြောင်း သေချာမှု ရှိ  မရှိ
စစ်ဆေးနေတာလား
ငါကစက်ရုပ်မဟုတ်ဘူး ...ရုပ်အစစ်။
အဲဒီ ရုပ်အစစ်ကြီးနဲ့ပဲ ငါအိမ်ပြန်ခဲ့တယ်
နို့မထွက်တဲ့ညီမလေးရေ
ပျားလိမ္မော်စားကွယ့်
ငါ..
ပျားလိမ္မော်တွေဘယ်ဈေးလဲ ထပ်မေးမိပြန်တယ်။    ။
 
အောင်မှူးဝေ
၂၇.၂.၂၀၁၂




Tuesday, February 28, 2012

ခက်နေတဲ့ကိစ္စ


ကျောင်းလွယ်အိတ်ထဲက

ခေါင်းလောင်းသံတွေကိုထုတ်ထုတ်ကြည့်မိတိုင်း
ငယ်ဘ၀တွဲလက်ဟောင်း
ဈေးဦးပေါက်စံပယ်တင်မှဲ့ကလေးကိုလွမ်းဆွတ်
တစ်ဖက်ကိုတစ်ဖက်ကမေ့ပစ်မရခဲ့တဲ့
အကြွေစေ့လိုသတိရချက်က ခက်တယ်။
ဘ၀ပြေးလမ်းတစ်ဝက်တိတိ
ဆွဲထားတဲ့မျဉ်းဖြူလေးဟာ
မင်းပေါ့.........မင်းပဲပေါ့ လဲ့ဝင်းဝါ
ငါဟာ...
မျဉ်းသေကိုမှမြတ်နိုးမိခဲ့တယ်။

အောင်မှူးဝေ
၂၇.၂.၂၀၁၂


သူက ယောက်ကျားလား မိန်းမလားတဲ့(အတော်သဘောကျဖို့ ကောင်းတယ်)

facebook မှာ တွေ့ တာပဲ..share လုပ်ခွင့်တောင်းပြီးမှ သဘောကျလို့ ယူလာဒယ်...။


Orginal link - http://www.facebook.com/photo.php?fbid=23922840

Monday, February 27, 2012

ဝက်ဆိုဒ်ကို သူများ ကြည့်မရအောင် ပိတ်မလား Sign in နဲ့ ထားမလားပြော


ဒီနည်းလေးကတော့ အကြောင်းမျိုးမျိုးကြောင့် မိမိတို့ ရဲ့ ဘလော့လေးကို ခေတ္တပိတ်

ထားချင်ရင် သုံးလို့ ရပါတယ် ။ လူရွေးပြီးတော့ မိမိကြည့်စေချင်တဲ့သူကို ရွေးချယ်ပြီး

သီးသန့် ထားမယ်ဆိုရင်  တခြားသူတွေက ကြည့်မရတော့ပါဘူး ။ Serch engin မှာ

လည်း မပေါ်တော့ပါဘူး ။ လုံးလုံးပိတ်ထားရင်တော့ ကိုယ်ကလွဲပြီး ဘယ်သူမှကြည့်

မရတော့ပါဘူး ။ ကိုယ်က ပြန်ဖွင့်လိုက်မှ သူများတွေ ကြည့်လို့ ရတာ ။ ဟိုတနေ့ က

ခေတ္တပိတ်ကြည့်သေးတယ် ။ ၀က်ဆိုဒ်တစ်ခု  ထပ်လုပ်မယ်။  ပြီးရင် နှစ်ယောက်ထဲ

ကြည့်လို့ ရအောင် Admin ကို  နှစ်ယောက်ပေးပြီး ပိတ်ထားခဲ့ရင်  အဲ့ဒိနှစ်ယောက်

ကလွဲပြီး ကြည့်မရတော့ပါဘူး ။ ဘလော့ရေးတယ်ဆိုရင် သူများကိုကြည့်စေချင်တာ

ပေါ့ ဘယ်သူက ဒီနည်းသုံးမလဲနော ဒါပေမယ့် အကြောင်းကြောင်းကြောင်း ပိတ်ချင်

ရင် ပိတ်လို့ ရတာပေါ့။ ခေတ္တပိတ်ထားကြည့်တာ ။ရန်ဖြစ်ပြီး သူကြည့်မရအောင်လို့ 

လေ ။အခုတော့ ပြန်ဖွင့်လိုက်ပါပြီ ။ အဲ့ကြောင့် အသုံးလိုတဲ့သူတွေ သုံးလို့ ရအောင်

ရေးသားမျှဝေလိုက်ရပါကြောင်း............................................................။

Sunday, February 26, 2012

ဆေးရောင်လှလှ ခြယ်ချင်တယ်...............


ပေးလိုက်ရတာက "အချိန်" တွေ
ပြန်ရလိုက်တာက "ငွေ"
မေမေရေ.......
"အဿပြာ" ဆိုတဲ့ စကားက
လူတွေအတွက်ကတော့ ဒုတိယ ဘုရားပဲ...........။

လိုချင်ခဲ့တဲ့ "ဓန" အတွက်
ပေးခဲ့ရတဲ့ နေ့ရက်တွေက
မာန တွေကို အညွန့်ချိုး
လောဘ တဏှာနဲ့ အစပျိုးတော့
ဖေဖေရေ......
သောကတွေက နောက်မှာ တနင့်တပိုး နဲ့..............။

လူမှုရေး ဆိုတာ ခေါက်ထား
ဘက်လိုက်တဲ့ "လူမျိုး"တွေရဲ့ကြား
ဒူးထောက်လို့ ခစားနေရ
ငွေပေးခိုင်းတဲ့ သဘာဝ
စိတ်ထဲမှာ အထာမကျ ပေမယ့်
"မြန်မာကွ" လို့လည်း မကြွေးကျော် ရဲခဲ့ဘူး..............။

သင်းကွဲ ငှက်ရဲ့ တေးသံ
ကြားသူ နားမှာ မသာယာပြန်
တဒုန်းဒုန်း စက်သံတွေရဲ့ကြား
အချိန်က ဇရာ ကို စားသုံး
တစ်နှစ်ပြီး တစ်နှစ် ကုန်ဆုံးနေတုန်းပေါ့................။
 မြန်မာပြည်ကို တမ်းတ
အိပ်မပျော်တဲ့ ညမှ
လောဘ ဆိုတဲ့ ငရဲခန်း အောက်
သောက ဆိုတဲ့ သရဲက ခြောက်နေတုန်း ခုထိ.............။
မျှော်လင့် သလို လက်ရာမမှီ
ကိုယ်တိုင်ရေးတဲ့ ပန်းချီက
အခါခါ ပြန်ကြည့်မှ မှားမှန်းသိ
အော်.....
ဆေးရောင်တောင် ငါ မခြယ်မိခဲ့ဘူး.................
                                                                            ညီညီ(မြန်အောင်)


Saturday, February 25, 2012

လွမ်းဇာတ်

ပြန်တွေးတော့လည်းလွမ်းစရာ

ပြန်မတွေးတဲ့အခါလည်း

လွမ်းစရာဖြစ်တာပဲ

လီနင်ဂရက်ကို

ဂျာမန်တွေရက်-၉၀၀ ၀ိုင်းခဲ့သလို

ကဗျာဆရာတွေကို

လောကဓံ -၁၈၀၀၀၀ိုင်းခဲ့တယ်။

မြန်မာ့တန်ခိုးနဲ့

နှစ်ဆတိုးပြီးတော့ရုန်းကန်ကြ

ကြယ်ပြာကလေးတောင်

လင်းလက်ရာကနေသွေးဆုတ်သွား

အသင်လူသား

မျောက်တွေတောင်

ကိုယ့်ခြေထောက်ပေါ်ကိုယ်ရပ်နေပြီ

ဒူးထောက်ရာကထပါလော့

အဆင်းရဲဆုံးနိုင်ငံဖြစ်လိုက်ပုံ
တော့

လိုက်နာကျင့်သုံးစရာ

ဥပဒေတောင်မှမရှိဘူး-စသဖြင့်

ရင်နာဖွယ်ရာဟာသတွေ

ကဗျာစာအုပ်ထဲကိုမောင်းမောင်းသွင်းနေမိ

××××××××××××××××××××××××××××××××

ငါက

ဒီဇာတ်လမ်းကို

အစ-အဆုံးမှတ်တမ်းပြုသူမျှသာ

ဇာတ်လမ်းရဲ့စနေထောင့်ကသေနတ်သံဟာ

ငါနဲ့လုံးဝမသက်ဆိုင်ပါကြောင်း..။

×××××××××××××××××××××××××××××××××××

ခက်လိုက်တာ

ခံစားမှုတွေတောပြုန်းသွားပုံမျာ

ငါ့ကိုယ်ငါပြန်လွမ်းမိတောင်

အရသာမရှိတော့ဘူး။

တစ်ယောက်အမောကို

နောက်တစ်ယောက်ကပြောပြီး

အမောဖြေရတဲ့ပတ်ဝန်းကျင်ဟာ

ကဗျာဆရာတွေရဲ့တောအုပ်ဖြစ်တယ်

ငါတို့

ဒီလိုပဲကြည်နူးခဲ့ကြတယ်။

ကြယ်မစုံတဲ့မြစ်ပြင်မှာ

ကိုယ့်အလင်းနဲ့ကိုယ်လှော်ခတ်ရင်

ငါတို့နွေဦးဟာတက်ကျိုးခဲ့တာပဲ

ဖင်လန်သမ္မတ

လူပျိုကြီးမင်္ဂလာဆောင်သလို

ဝိုင်ချိုလည်းမင်္ဂလာဆောင်ချင်ပေလိမ့်မယ်

ရုရှားသူတွေဗော့ဒ်ကာနဲ့လက်ထပ်သလို

တိုးနှောင်မိုးလည်း

လမ်း၄၀ထိပ်က

မြို့ပြမိဖြူနဲ့လက်ထပ်တယ်

အလွမ်းဖြူဖြူတွေပဲလားသူငယ်ချင်း

×××××××××××××××××××××××××××××××××

ထရီဇာ..လို့

နွေးနေတဲ့ရင်ငွေ့ကိုသွန်းထုရင်းငါကမျောနေချိန်

သစ္စာမဲ့သစ္စာပန်းလေးတွေရဲ့ရယ်သံက

ငါ့ဦးနှောက်ကိုလောင်မြိုက်ခဲ့

ဘ၀အကြောင်းတရားကလည်း

လွယ်အိတ်မီးလောင်စော်နံနေတုန်း။

ကဗျာဆရာဆိုတာ

သူ့စာမျက်နှာအတိုင်းရဲရင့်ခဲ့သူပါ။

ကဗျာဆရာဟာ

သူ့ရဲ့ရဲရင့်မှုကြောင့်ပဲ

အားလုံးကိုကောင်းစားစေလိုတဲ့

သူရဲကောင်းဖြစ်တယ်။

ကဗျာဆရာဟာ

နှင်းဆိပ်သင့်ထားတဲ့ မီးလင်းဖိုလေးမဟုတ်ခဲ့တာ

အမှားလား..။

ကိုယ့်သဘောနဲ့ကိုယ်

သော့ခတ်ထားတဲ့အိမ်ပြန်ချိန်တွေထဲ

ခြေရာကောက်ခြင်းငှာမစွမ်းသာတဲ့ဝေါဟာရဟာ

ကဗျာဆရာရဲ့မိသားစုပါပဲ။

ခြောက်သွေ့မှုချင်းပေါင်းစပ်ပြီ

စိုထိုင်းအေးစက်လာတတ်တဲ့

အစ္စရေးကန္တာရစိုက်ခင်းလေးတွေလို

ကဗျာဆရာအချင်းချင်းဟာလည်း

နှစ်ရှည်ပူးပေါင်းစိမ်းလန်းတတ်ခဲ့ကြ။

ဇာတ်နိပါတ်ထဲခဏခဏသွားပြီး

အင်ကြင်းပန်းကိုလွမ်းနေသူကြီးတစ်ယောက်အကြောင်း

ပြောရင်

မိုးမိထားတဲ့ကဗျာစာအုပ်လေးကိုပြဋ္ဌာန်းကျမ်းစာလို

သွားလေရာကိုသယ်ဆောင်သွားတတ်ရင်

ကျောနံပါတ် ၀ိုင်ချိုပဲ။

ကိုယ့်ကဗျာထက်ပိုပြီးဒီနေ့နည်းနည်းများသွားတယ်

ဒီစကားစုပိုင်ရှင်ကတော့

အသင်းခေါင်းဆောင်တိုးနှောင်မိုး

မငြိမ်းနိုင်တဲ့တော်လှန်ရေးဝါကျတစ်စုံ

ငါတို့ကွင်းထဲဝင်လာရင်

အောင်ရင်ငြိမ်းပဲ

ငါတို့အားလုံ့း

ကိုယ့်အပြုံးနဲ့ကိုယ်သရေပွဲအဖြစ်ရှုံးခဲ့ကြ။

ငါတို့ကဗျာဆရာတွေ

စိမ်းကားမှုနဲ့အပစ်အခတ်ရပ်စဲရေး

အော်ဟစ်ဆွေးနွေးပြီးတဲ့နောက်

ခင်ဇော်မြင့်ရဲ့တောင်သမန်မှာဆုံကြမယ်

မောင်သိန်းဇော်ရဲ့ရှုမျှော်ခင်းဆီအရောက်

ကိုချောရဲ့ကိုက်လမ်းလေးအတိုင်း

လျှောက်ဝင်သွားကြမယ်။

ကဗျာဆရာဆိုတာ

ကဗျာရဲ့ကိုလိုနီသဘောက်တွေပေါ့ကွ

ရင်ခုန်သံနဲ့အက္ခရာတွေကိုကောက်သင်းကောက်လိုက်တိုင်း

အဆင်မပြေမှုကမီးဟုန်းဟုန်းတောက်ပြန်တယ်။

ကဗျာဆရာဟာ

ကိုယ့်အရိပ်နဲ့ကိုယ်

ဘယ်တော့မှစီးချင်းမထိုးဘူး

ကဗျာဆရာဆိုတာ

လွတ်လပ်ချိုမြိန်တဲ့အသိတရားတွေနဲ့

လောကကြီးအတွက်မွေးဖွားလာကြတာ။

ကဗျာဆရာတွေရဲ့ဘ၀က

လွယ်ကူစွာရှုပ်ထွေးနေတဲ့အခြင်းအရာ။

နှစ်ကာလထဲက

အလိုက်သင့်ထွက်လာတဲ့နေ့စွဲဥယျာဉ်မှာ

အေးအေးလူလူသီးဆဲသစ်သီးတွေဟာ

ကဗျာဆရာတွေရဲ့အိပ်မက်ပေါ့

အေးအတွက်သစ္စာတရားတွေပွေ့ပိုက်ပြီး

အေးနေတဲ့မြောင်းထဲထိုးကျသွားတယ် ၀ိုင်ချို။

အရည်ပြားထဲစိအ့်စိမ့်ပြီးချမ်းတဲ့အရည်တွေ

သူသောက်နေတုန်းပဲ။

×××××××××××××××××××××××××××××××

ကဗျာဆရာတွေ

ရူဘီမားကက်မှာ

ကိုမိုဃ်းဇော်နဲ့ကော်ဖီသောက်ကြတဲ့နေ့က

ကိုယ်စီကိုယ်စီစကားလုံးတွေထဲ

စိန်ခြယ်ပန်းများမွှေးခဲ့။

အဲဒီပန်းတွေ

ကိုရွေးရဲ့ရေတံခွန်နားကခူးခဲ့တာ

ကျည်ဆံရထားလို

များများမြန်မြန်ပြေးနေတဲ့ကဗျာအကြောင်းတော့

စိုင်းဝင်းမြင့်ဥပဒေအတိုင်း

နားနားပြီးပြောရတယ်။

ကဗျာဆရာတွေရဲ့သစ္စာတရားက မိုးဝေး

သူပဲအကြမ်း  သူပဲအချော။

လက်ရှိ

လမ်းဖြတ်ကူးနေတဲ့ကဗျာတွေကိုတွေ့ကြရဲ့လား

အရပ်လေးမျက်နှာ

အကြည့်တွေထိမှန်သွားနေတယ်။

ငါ့ဆန္ဒကဆင်းရဲပါတယ်

မောင်ကိုမောင်ရဲ့

ပလိုင်းထဲထည့်ဆောက်တဲ့အိမ်ကလေးမှာနေချင်တာ

ကဗျာဖတ်သူမမတစ်ယောက်နဲ့

အသက်ရှူသံချင်းဆက်သွယ်ကြည့်ချင်တာ

လစဉ်ထုတ်မဂ္ဂဇင်းတွေထဲက

အသက်ကြီးပုကဗျာလေးတွေကို

စိတ်ကူးနဲ့ကောက်သီကြည့်ချင်တာ

လက်ဝယ်ပိုင်ဆိုင်မှုက

ဆန္ဒထက်အမြဲတမ်းနည်းခဲ့တယ်။

×××××××××××××××××××××××××××××××××××××××

အခု...

ကဗျာဆရာတွေ ဆူးလေလမ်းပေါ်မှာ

ခရေကိုင်းမှာချိတ်ထားတဲ့မျက်လုံးက

ငါတို့ရဲ့စကားလုံးတွေကိုဘယ်မြင်မလဲ

သူလည်းသစ်ရွက်တွေနဲ့ရောစိမ်းနေခဲ့တာ။

ဆူးလေလမ်းဟာ

သက်ချာဝါဒကိုနားမလည်ဘူး

ရေဂင်စီးပွားရေးဝါဒကိုမသိဘူး

အသက်ကယ်အင်္ကျီအရင်းရှင်စံနစ်ကိုမသိဘူး

ဆူးလေလမ်းဟာ

တိုးရစ်တွေကို ပဲပို့စ်ကဒ်ရောင်းတတ်တယ်။

ဆူးလေလမ်းဟာ

လူတွေဖြတ်ကူးဖို့

ရာဇ၀င်မျဉ်းကြားနဲ့။

လုပ်သားပြည်သူတိုင်း

တပြေးညီသောတဆင်စရာ

လက်လုပ်လက်စားသီချင်းနဲ့။

ဆူးလေလမ်းဟာ

ဘီအမ်ကားစပယ်ယာပါးစပ်နဲ့

ရန်ကုန်ကိုစာလုံးပေါင်းပြနေတဲ့လမ်း

ကဗျာတချို့

သွားလမ်းမသာပေမယ့်

လာလမ်းတော့ဖြောင့်ခဲ့တယ်။

ကဗျာဆရာဟာ

ဘတ်ဂျက်ကျွမ်းကျင်သူမဟုတ်တဲ့အတွက်

ဝင်ငွေထွက်ငွေမညီဘူး။

ဘာပဲဖြစ်ဖြစ်ကဗျာကို

သွေးတစ်စက်ထဲကျန်သည်အထိ

ငါတို့ကာကွယ်သွားကြမယ်။     ။

(ကဗျာဆရာများနှင့်မဆွေးမြေ့သောနေ့စွဲများသို့..................)

အောင်မှူးဝေ

24.2.2012


Friday, February 24, 2012

လွမ်းသူရှိုက်သံ


ရင်ထဲမှာ..........
သိမ်းထားခဲ့ရုံနဲ့
ပြီးဆုံးသွားရင်လည်း အကောင်းသား..................။
 
ခုတော့.................
မီးပုံးထဲက ဖလံလို
ဘယ်ပျံ ပျံ အပူဟပ်နေတော့
ရူးမတက်ပါဘဲ..........ခိုင်
ကျေနပ်ပါတယ်.............။
 
ဘယ်အရပ် ......ပျံ.......ပျံ
ဘယ်အပင်......သွား....သွား
ဘယ်ကိုင်းမှာ...နား.....နား......ပေါ့
နင့်စိတ်ကြိုက်ခိုလှုံဖို့........
သိုက်မြုံဆိုတာက
ငါ့ဘဝ မှာ မှ မရှိခဲ့တာ
ချိနဲ့စွာ နုတ်ဆက်ချိန်မှာ
အုတ်တစ်ချပ်စာလေးတောင်
ခွန်အားပေးဖို့ အားငယ်
အကြိမ် ကြိမ် ကြိုးစားရမဲ့သူပါ...........ခိုင်ရယ်.......။

                                               ရဝေသစ် (မြတမာ)


Thursday, February 23, 2012

အဝေးဆုံးမှာ


အိမ်ကိုပြန်ရင်ဘာလုပ်မလဲ

လက်ရှိနေရာ....လက်သုံးစကား

ဒီမှာငွေရတယ်..အလှအပပေါတယ်

ဒါမျိုးလေးနဲ့သာရရင်

တသက်လုံးမပြန်

ကျွန်ဆက်ခံမယ်တဲ့

အတုယူမှာလား..အားကျဖို့လား

မွေးခဲ့တဲ့မြေ..ကြီးပြင်းရာအရပ်

ငွေရှာဖို့အတွက်..၀မ်းရေးအတွက်

ငါတို့လာခဲ့တာ

အချိန်တန်ရင်..အိမ်ပြန်ဖို့

သေချာလို့...ထပ်မေးရင်

အိမ်ပြန်ဖို့..အချိန်တန်ရင်

ဒီစကားဝေ့လည်ကြောင်ပတ်

အဖြေမတတ်သရွေ.

ကျွန်ဘ၀..၀ဲဂယက်မှာ

သက်တမ်းတွေရှည်

အိမ်နဲ့ဝေးအုံးမယ်......။ 

                           သံယောဇဉ်

လမ်းခွဲချိန်.........


ခင်မင်မှုနဲ့ အစပြုခဲ့တဲ့သံယောဇဉ်
    ယုံကြည်စွာ ရစ်ပတ်ခဲ့ပြီးမှ
        မေ့ပစ်လိုက်ဖို့   ငါဘယ်လိုအင်အားရှိမှာလဲ.........။

အတူကြည်နူးခဲ့တဲ့ နေ့တွေ
    ပြန်တွေးတိုင်း  ငါ့ရင်မှာလွမ်းနေမိတယ်
         ထာဝရ  အတွက်ပေါ့.....................။

ပိုင်ဆိုင်ခွင့် မရှိပေမယ့်လည်း
    အဝေးကနေပြီး ကြည့်ခွင့်လေးတော့  ရချင်သေးတယ်
           နှုတ်ဆက် လမ်းခွဲချိန်အထိပေါ့...........................။

အရာရာမှာ စည်းခြားနေတော့လည်း
     ချစ်ခွင့်မရှိတဲ့  ငါ့နှလုံးသားဟာ
          လွမ်းနေရုံကလွဲပြီး  ဘာတတ်နိုင်ဦးမှာလဲ..................။

ဖြစ်ချင်တဲ့ဆန္ဒ  ဖြစ်မလာတဲ့ဘဝမှာ
     နှုတ်ဆက်လမ်းခွဲချိန်အထိ
          ငါတို့  ဖြူစင်စွာနဲ့ (သူငယ်ချင်း) တွေပေါ့နော်.......................။
                                                                                      
                                                                                      ပုသိမ်သား


Wednesday, February 22, 2012

ဘဝဆိုတာ ပုံသေနည်း မရှိဘူးတဲ့...........။။


ဟိုလိုလို .. ဒီလိုလိုနဲ့ စပြီး
ဒီလိုလို ... ဟိုလိုလိုနဲ့
ပြီးဆုံးသွားမယ့် ဘဝ
သဘာဝမကြဘူးတဲ့.......
ဖေဖေပြောဘူးတဲ့စကား
သားရင်ထဲမှာ မှတ်ထားတယ်..........။။

ထမင်း ဘယ်ကရ
အိုးထဲက...
ပိုက်ဆံ ဘယ်ကရ
မေမေ့ဆီကလို့ ပြောခဲ့စဉ်...
ဖေဖေဖြေခဲ့ပြီး
ဘဝဆိုတာ ပုံသေနည်း မရှိဘူးတဲ့...........။။

ကောင်းကင်နဲ့ မြေကြီးကြား
လူအများ ကြားဘူးကြဦးမည်...
အရာရာ ဟူသမျှ..
လက်ဦးဆရာမှ စေတနာမှန်သည်တဲ့............။။

ကိုယ့်ဝမ်းစာ ကိုယ်ရှာစား
ဘဝဟာ ဒါလားလို့....
အနေဝေးမှ သိရချိန်
ဖေဖေပြောခဲ့တဲ့စကား
အားအင်များအဖြစ် ဖန်တီးပေး
သားဘဝ သုည(၀)လေးမဖြစ်စေရဘူး...........။။

ဖေဖေရေ......
ဝေးတစ်မြေ ရပ်ခြား
နာကျင်စရာများနဲ့ ကြုံလာတိုင်း
ဖေဖေရဲ့ စကား
ဒဏ်ကြေဆေး အလားမှီဝဲရင်း.....
ဘဝဟာ ပုံသေမရှိခြင်း ဆိုတာ သိလိုက်ပြီ............။။
                                                                                      
ညီညီ(မြန်အောင်)


Sunday, February 19, 2012

Online....


(၁)
ညခင်းက လမင်းကို ငေးကြည့်နေတာလား
ဒါမှ မဟုတ်
လမင်းက ညခင်းကို ငေးကြည့်နေတာလား
ဘာပဲဖြစ်ဖြစ်
သာယာတဲ့ မြင်ကွင်းမှာ
တူညီတဲ့ ရင်ခုန်ခြင်းတော့ ရှိရမယ်...............။

(၂)
ကြယ်တစ်ခင်းလောက်
လမင်းကို ငါတို့ မရင်းနှီးခဲ့.....
ညဉ့်ငှက်တစ်ကောင်လောက်
ညအမှောင်ကို ငါတို့ မရင်းနှီးခဲ့.....
နင်နဲ့ငါ သူငယ်ချင်း
ဒီထက်ပိုပြီး ရင်းနှီးခဲ့ ခြင်းလည်း မရှိဘူး.............။

(၃)
နွေညလယ် ခင်းက
လေပြေညှင်းကို တမ်းတတယ်....
ဆောင်း မနက်ခင်းက
မြူနှင်းကို တမ်းတတယ်......
မိုးတစ်ပွင့်ရဲ့ ကြင်နာခြင်းကို
ပန်းခင်းလေးတွေက တမ်းတတယ်.......
ငါ့ရဲ့ ရင်ခုန်ခြင်းက
နင့်ကို တမ်းတတယ်..........
ဒါပေမယ့် သူငယ်ချင်း
ငါလိုချင်တာ တမ်းတခြင်း မဟုတ်ဘူး.........။

(၄)
ပြောမထွက်တဲ့ စကားလုံးတွေက
ရင်ထဲမှာ အပြည့်.....
ပူလောင်တဲ့ နှလုံးသားထဲက
သံယောဇဉ် ဆိုတာများ အငွေ့ပျံသွားရင် ကောင်းမယ်.....
ရင်ခုန်သံ စည်းချက်နဲ့
အိပ်မက်ကို နှစ်သက်နေတဲ့သူပါ
အရာရာ ဟာ ဝေဝါးဝါး
လန့်နိုးတော့မှ သံယောဇဉ်က ခါးမှန်းသိလိုက်တယ်.............။

ညီညီ(မြန်အောင်)

Saturday, February 18, 2012

တကိုယ်ရည် ကျရှုံးခန်းအပိုင်းဆများ

 
 
ဘဝကို လင့်စင်ထိုး ခပ်ရိုးရိုးမျှော်နေတော့မယ်
တခါခါ င့ါအိပ်မက်တွေကျပျောက်သွားလည်း
ပြန်မရှာရတော့ဘူး
ဒါဆိုရင်..
ခပ်ရိုင်းရိုင်း လေပြေတစ်ဝက်နဲ့ 
ခြေသံတွေလည်း တိတ်ပေါ့..
ငါ့ပိုင်တာဆိုလို့ 
မင်မခြောက်သေးတဲ့ ဒဏ်ရာတဝက်တပျက်နဲ့ 
ထည့်မလောက်တဲ့ ရင်ဘတ်တစ်ခုရယ်..
လုံလောက်နေပါပြီ။
 
 
ငါ့ဆီ နာမတစ်ခု အမှတ်မထင်ရောက်လာတယ်
“ကဗျာဆရာ”တဲ့
အဲ့လိုသာ ပြည့်စုံနေရင် ဘယ်လောက်ကောင်းလိုက်မလဲ။
ဗီဇနဲ့ ခံစားချက်မှာ ဘာရသ ဘာမှမရှိ..
ငါ့ကိုငါ ခပ်တင်းတင်းပဲ ငြင်းပါတယ်“မခံယူဝံ့ပါ”။
 
 
ခေတ်လည်းမပြိုင်၊ခေတ်လည်း မပိုင်
ခေတ်နဲ့ ဆိုင်နေလို့ 
မယုံတဝက်ပုံပြင်ပြောတမ်းမှာ
အတော်တောင်ခရီး ပေါက်နေပြီ။
အမှောင်ကြောက်လို့  ချောင်ခိုလျှောက်ကာမှ 
အလင်းကလည်း ပျောက်။
ညအိပ်ယာဝင် ဝေဒနာပုံပြင်တွေမှာ
သဇင်ပန်းနဲ့  စံပယ်ပန်း ရနံ့ နမ်းရှိုက်ခြင်းအတွက်
သင်ခန်းစာကို အခါခါ ငါမကြေခဲ့ဘူး။
ဝေဒနာတွေ ရထားတစ်စင်းသာ ဖြစ်လိုက်ပါတော့လား
ခံစားမှုသံစဉ်တွေ ဥသြသံလို သံရှည်စွဲရအောင်။
 
 
ခင်ဗျားတို့ ပဲ စဉ်းစားကြည့်။
ကြင်နာသူတစ်ယောက် ကောက်ရပါတယ်
ချစ်ခြင်းမေတ္တာကိုမှ ဓနဥစ္စာတွေနဲ့ ချောက်ချပြီး
မာနကိုမှ ဖိနပ်စီးချင်လို့ တဲ့...
ထွက်သွားချိန်ထိတိုင် ချွတ်မသွားတာ“အံ့ပါရဲ့ဗျာ”
 
 
ဟောဒီ့-
ကာရံမိုး၊စက္ကူကာတဲ့ အိမ်မှာမှ
မိုင်ထောင်ချီနေတဲ့ အတ္တ မာနတွေ
နားထောင်ပေးရလောက်အောင်
အလင်းတိုင်မှာ မီးစာမှမလုံလောက်တာ
ဘယ်လိုလုပ်ပေးရမှာလဲ...........
 
                                             လေလွင့်လူ(ကမာမြေ)

Virus ဆော့ဝဲရွေးချယ်မှုနဲ့  သုံးစေချင်တဲ့ Miscrosoft Security Essencial


ဒီဆော့ဝဲလေးက Virus နဲ့ ပတ်သက်ရင် အတော် အဆင်ပြေတာကို တွေ့ ရပါတယ်

Virus တွေဟာ အကြောင်း အမျိုးမျိုးကြောင့် ကွန်ပျုတာထဲကို ၀င်လာတတ်ပါတယ်

သိတဲ့အခါလည်းသိမယ် မသိတဲ့အခါလည်း မသိဘူးပေါ့ ဘယ်လိုပဲ ဖြစ်ဖြစ် Update

ဖြစ်နေတဲ့ Anti Virusတစ်ခုခုနဲ့  စက်ကိုတစ်ပတ်တစ်ခါလောက် ရှင်းပေးသင့်တယ်

အဲ့တော့ ကွန်ပျုတာတစ်လုံးထဲမှာ Anti Virus တစ်ခုခုရှိမှဖြစ်မယ် များလှစွားသော

ဆော့ဝဲတွေထဲမှ ကောင်းတာတစ်ခုကိုရွေး ဆိုရင် Miscrosoft Security Essencial

ကိုရွေးလိုက်ချင်တယ်။စက်ကိုပေါ့စေပြီး Virus ရန်ကိုလည်း ကာကွယ်ပေး ရှင်းလင်း

ပေးနိုင်တယ်။Miscrosoft ကထုတ်တာမလို့  Miscrosoft window အားလုံးအတွက်

သင့်တော်တယ် ကောင်းလည်းကောင်းပါတယ် Iobit နဲ့ MSE ရှိရင် အ၀င်များနေတဲ့

Spyware,adware,trojans,worm..etc အပြင် keylogger ကို အသေအချာ သတ်

နိုင်ပါတယ် အခုတလောအဖြစ်များနေတဲ့ Auto messager ၀င်လာရင် သတိထားပါ

အမြန်ဖျက်ထုတ်ပါ ။ စက်ကိုလည်း malwere fighter နဲ့ စစ်ပါ MSE နဲ့ ဖတ်လိုက်ပါ

အဲ့လိုပဲ ချက်တင်ထိုင်ရင်း လင့်တွေ ၀င်ဝင်လာရင် မမေးပဲ မနှိပ်ကြပါနဲ့  Virus လင့်

ဆိုရင်လည်း တေပီဆရာ gmail ဟက်တဲ့ PHP အတုဆိုလည်းနာပြီ.အဲ့တော့ အရမ်း

အရမ်း မနှိပ်ကြပါနဲ့  နှိပ်လျှင် သတိရှိပါလို့  အသိပေး ပြောကြားလိုပါကြောင်း........။

ဆော့ဝဲလိုချင်ရင် မူရင်းလင့်မှာ သွားယူလိုက်ပါ - Miscrosoft Security Essencial

Friday, February 17, 2012

ဘလော့ဂါတွေအတွက် သတိထား သိထားသင့်တဲ့ နည်းပညာ Export blog


ဒီနည်းလေးက ကျနော်တို့ ဘလော့ဂါတွေအားလုံးအတွက် အသုံးဝင်တဲ့ နည်းလေးပါ

ဘလော့စရေးထဲက စာတွေ ကွန်မန့် တွေ အားလုံးကို ဒေါင်းလုပ်ယူတဲ့နည်း တစ်ခုပါ

အကြောင်းအမျိုးမျိုးကြောင့် လက်ရှိဘလော့ကို ဖျက်ပြီး နောက်တစ်ခုအသစ်ဖွင့်တယ်

ဘလော့အဟောင်းက စာတွေ ကွန်မန့် တွေအားလုံးကို ဘလော့အသစ်မှာ အကုန်ယူ

ထည့်လို့  အဆင်ပြေစေတဲ့နည်းလမ်းကောင်းလေးပါ ဘလော့ အဟက်ခံရပြီဆိုရင်လဲ

စာတွေ၊ တန်းပလိပ်တွေ ၊ အကုန် Backup ယူထားတော့ ချက်ချင်း အရင်ဆိုဒ်အတိုင်း

ပြန်ဖွင့်လို့ ရတယ် Domain ဆုံးမယ် လိပ်စာပြောင်းရမယ် ဒါပေမယ့် ဒီဇိုင်းနဲ့  စာတွေ

ကတော့ အရင်ဆိုဒ်အတိုင်း ပြန်ရတာပေါ့ ဟက်မဲ့သူမရှိလည်း ဒေါင်းလုပ်ယူထားတယ်

နောက်တစ်ဆိုဒ်မှာ ထည့်ဖို့ အဲ့တော့ စာတွေ တန်းပလိပ်တွေ ကို ဒေါင်းလုပ်ယူထားပါ

(အဲလဲ့...မယူရင် ဟက်မဲ့ပုံ...) မဟက်တတ် မဖက်တတ်တဲ့ သူလေးပါဗျာ....း)........။

ယခုတလော ခေတ်စားနေတဲ့ အင်တာနက်က Virus နဲ့  Malware fighter


အခုတလော အင်တာနက်မှာ Virus တွေ ခေတ်စားနေတယ်နော် ။ချက်တင်ကနေပြီး

စာတွေကို အော်တိုပို့ ပေးနေတာရယ် ၊ဓာတ်ပုံလင့်တွေကို အော်တိုပို့ ပေးနေတာရယ်

အဖြစ်များနေတာ တွေ့ နေရတယ်။  အဲ့လို လင့်တစ်ခု  ရောက်လာရင် မနှိပ်မိကြစေဖို့ 

ရယ် ဖြစ်လာရင် ဖြေရှင်းဖို့  ဆော့ဝဲလေးတစ်ခုရယ် အကြံပြုချင်ပါတယ်။  ဒီနည်းလေး

က လက်တွေ ဖြေရှင်းလာခဲ့ပြီး အဆင်ပြေနေပါတယ် တစ်ခုနဲ့ တစ်ခု မတူတော့ အတိ

အကျ ပြောရတော့ ခက်လှပါတယ် ။ အဲ့လို Virus လင့်တစ်ခုခုရောက်လာလို့  ဖြစ်လာ

တဲ့  အခြေနေကို အသေးစိတ်ပြောပြရင် ဖြေရှင်းနိုင်တဲ့ နည်းတွေ အများကြီးရှိပါတယ်

သာမာန်အား ဖြင့်တော့ Virus link ကို နှိပ်လိုက်လို့  ဆော့ဝဲတစ်ခုခု အော်တို ၀င်လာ

ပြီးဆိုရင် အဲ့ဆော့ဝဲကို ပြန်ပြီးဖျက်ပါ ။ စက်ကို Anti Virus နဲ့  ဖတ်ပါ ယခုတင်ပေးတဲ့

Malwere fighter နဲ့  သတ်ကြည့်ပါ အဆင်ပြေပါလိမ့်မယ်။ နောက်တစ်ခါ မဖြစ်ဖို့ ကို

ဒီဆော့ဝဲလေး ဆောင်ထားလိုက်...(Auto message သတ်ပုံကို အသေးစိတ် ပြန်ရေး

ပေးပါမည်) ။ သာမာန်အားဖြစ် ဒီဆော့ဝဲ လေးက သတ်နိုင်ပါကြောင်း..................။

ဆော့ဝဲကို မူရင်းလင့်မှာ ယူလိုက်ပါ - http://www.iobit.com/imf-dl-promo.html

အသုံးပြုပုံ နဲ့ ဆော့ဝဲလင့် - http://www.iobit.com/downloadcenter.php?produ

Thursday, February 16, 2012

သတိရတိုင်း မက်ဆေ့ခ်ျအဟောင်းတွေကိုပဲပြန်ပြန်ကြည့်နေမိ


မမက ခဏလေးပျော်စရာတွေပေးပြီး

အဝေးကိုထွက်ထွက်သွား

သတိရတိုင်း မက်ဆေ့ခ်ျအဟောင်းတွေကိုပဲပြန်ပြန်ကြည့်နေမိ
 
ပြန်မလာတော့ဘူးဆိုလည်းအမှတ်မရှိတဲ့စိတ်က
 
ဒဏ်ရာတွေကိုမှသာယာမိနေသလိုမျိုး
 
သတိရတိုင်း မက်ဆေ့ခ်ျအဟောင်းတွေကိုပဲပြန်ပြန်ကြည့်နေမိ
 
ခပ်၀၀ကောင်မလေးတွေနဲ့ဖျပ်ခနဲဆုံမိတိုင်း
 
အကြည့်ကတစ္ဆေခြောက်နေတယ်
 
မမလား...မသေချာဘူး
 
သတိရတိုင်း မက်ဆေ့ခ်ျအဟောင်းတွေကိုပဲပြန်ပြန်ကြည့်နေမိ
 
စိတ်ကလမ်းမှန်ပေါ်သွားပါလား
 
ပြောမရဘူး
 
မမနှုတ်ခမ်းလေးတွေကိုပဲလွမ်းနေမိ
 
သတိရတိုင်း မက်ဆေ့ခ်ျအဟောင်းတွေကိုပဲပြန်ပြန်ကြည့်နေမိ
 
လသာညတိုင်း အော်ခေါ်နေတဲ့နာမည်မှာမမရနံ့လေးတွေ စွန်းပေလို့
 
အိပ်ရာတွေလည်းမမအကြောင်းအိပ်မက်တွေနဲ့တွန့်ကြေလို့
 
သတိရတိုင်း မက်ဆေ့ခ်ျအဟောင်းတွေကိုပဲပြန်ပြန်ကြည့်နေမိ
 
မမကို သိပ်ချစ်တယ်သိပ်လွမ်းတယ်
 
သတိရတိုင်း မက်ဆေ့ခ်ျအဟောင်းတွေကိုပဲပြန်ပြန်ကြည့်နေမိ
 
မမနေကောင်းတယ်မဟုတ်မဟုတ်လား။     ။

(မ  မ  သို့---------------------)
 
အောင်မှူးဝေ


သူရဲကောင်းသီချင်း


ဗိုလ်အောင်ကျော်နဲ့
သခင်အောင်ဆန်းလည်း
တစ်ခါတုန်းကလူငယ်
ခေတ်စံနစ်သစ်ပင်မှာ
သူရဲကောင်းတွေသီးခဲ့တယ်
ပြီးတော့.....
သစ္စာဖောက်တွေပွင့်ခဲ့တယ်။
သူတို့ရဲရင့်မှုကြောင့်
ငါတို့ကောင်းစားတဲ့သီချင်းဟာ
သူရဲကောင်းသီချင်းဖြစ်ရတယ်။
မိတ်ဆွေ
လူသားဆန်သောသင့်တူရိယာမှ
အပွင့်ခြွေတီးလုံးကိုစ လို့ရပါပြီ
သင်
ဆွံ့ အနေသေးလား။     ။

အောင်မှူးဝေ
16.2.2012


ကွန်ပျုတာ ၀ယ်ယူဖို့  အကာင်းဆုံး တစ်ခုကို ရွေးချယ်တော့မယ်ဆိုရင်


မေးထဲကနေ မေးလာတဲ့ မေးခွန်းတစ်ခုကို ဖြေရင်း ဗဟုသုတ ပြန်တင်လိုက်ရပါတယ်

ကွန်ပျုတာ ၀ယ်ဖို့ အတွက် ဘယ်ဟာအကာင်းဆုံးလဲ သိပါရစေတဲ့ သူမေးတာတွေက

Graphics Card အတွက် ဘယ်အမျိုးစား ကောင်းသလဲ..? ။ အခု 2012 အထိ အသုံး

ပြုမှု အများဆုံး Graphics card 10 ကို ဖော်ပြပေးလိုက်ပါတယ်........................။

(1) AMD Radeon HD 6990

(2) Nvidia GeForce GTX 590 

(3) ATI Radeon HD 5970

(4) Nvidia GeForce GTX 580 

(5) AMD Radeon HD 6970 

(6) Nvidia GeForce GTX 480 

(7) ATI Radeon HD 5870  

(8) Nvidia GeForce GTX 470 

(9) ATI Radeon HD 5850 

(10) Nvidia GeForce GTX 285

အကောင်းဆုံး ကွန်ပျုတာရယ်လို့  ပြောရအတော်ခက်တယ် နည်းပညာတိုးတက်လို့ 

ဒီဟာအကောင်းဆိုပြီး ၀ယ်လိုက်။ နောက်ထပ် အဲ့ထက်ကောင်းတာပေါ်လာပြန်ရော

မေးတဲ့သူက Game အတွက် လိုချင်တာဆိုတော့ ကောင်းတာကိုပဲ ရွေးပေးလိုက်၏

Window                        Window 7 Home Premium 64 bit
Video Card                    Dual NVIDIA GeForce GTX 580 
Core Clock                    1544MHz
Video Memory               6GB 
Audio                           7.1 HD Surround Sound 
Sound                          7.1 HD Surround Sound
Processor Type              Intel Core i7-980X
CPU Speed                    3.33GHz
Cores                          
Threads                       12
RAM                            12GB DDR3 
Primary Storage            80GB SSD
Secondary Storage        1TB HDD 
Motherboard                MSI X58A-GD45 X58

အကောင်းဆုံး  ဆိုပေမယ့်လည်း  Window 7 Home Premium က  သုံးတဲ့ အခါမှာ

Group Policy Editor ကို ၀င်လို့ မရဘူးလို့  တွေ့ နေရတယ် ။ 64 bit ဟာလည်း 32

ထက်ကောင်းတယ်ဆိုပေမယ့် ဆော့ဝဲတွေ အင်စတောလုပ်တဲ့အခါမှာ အခက်ခဲ အချို့ 

ရှိတယ် အရင်ဆော့ဝဲအများစုက 32 bit အတွက် ဆိုတော့ Zaw gyi ထည့်တာကအစ

64 bit က အနည်းငယ် အလုပ်ပိုတယ် ။ဒါပေမယ့် ကွန်ပျုတာ လုံခြုံ မှု နည်းလမ်းအရ

64 bit က  ဟက်ကာတွေ  ၀င်ရောက်ထိုးဖောက်ဖို့    မလွယ်ဘူးရယ်လို့    မန်နေဂျာ

ကျနော်ဆရာ  ကိုဝတုတ်  ထံမှ ဗဟုသုတများကို မျှဝေလိုက်ပါ၏ ။မသိရင် အလုပ်မှာ

မန်နေဂျာကို မေးပါတယ် ။သူက အကုန်ရှင်းပြ၏ ။သရက်သီးနဲ့ ဆား ဘက်ကျနေတာ

အလုပ်မလုပ်ပဲ ကွန်ပျုတာတွေအကြောင်း ဆွေးနွေး လေကန်နေကြတာ ။ ဒါပေမယ့်

သူများ မသိတော့ ကိုယ့်ကိုမေးတယ် ကိုယ်မသိတော့ မန်နေဂျာ မေးကြည့်ရတာပေါ့

တရုတ်နှစ်ကူး ပိတ်တုန်းက ကလန်တန်ပြည်နယ်သွားချင်တာ ခရီးစဉ် လမ်းညွှန်ပါဦး

ဆိုတော့ Googel Earth နဲ့  သေသေချာ ရှင်းပြပေးတာ အခုလည်း ကျနော်မေးတာ

ကို သူကရှင်းပြတယ် အဲ့တာကိုမှ မေးတဲ့သူဆီလည်း ပြန်စာရေးရင်း ဘလော့ပေါ်မှာ

အမှတ်တရ တင်ပေးထားလိုက်ပါကြောင်း................................................။

Orginal Ref  link: http://computers.toptenreviews.com/gaming/

Monday, February 13, 2012

ဖေဖော်ဝါရီ ၁၃ သို့........။


မြန်မာ ပြည်ကို အမှောင်ခွင်း
ကျွန်ဘဝ ရဲ့ လွတ်မြောက်ခြင်းကို
ဖန်တီးပေးတဲ့ လူသား
ဒီလမှာ စတင်မွေးဖွားတယ်..............။

မြန်မာ့ သတ္တိ
ကမ္ဘာက သိအောင်
စွမ်းဆောင်နိုင်တဲ့ လူတစ်ယောက်
ဒီရက်မြတ်မှာ စတင်ထွန်းပေါက်တယ်..........။

ဇာတိက နတ်မောက်မြေ
ငယ် စဉ်က ထုံပေပေနဲ့
သူမှန်ရင် ဘယ်အရာမှမကြောက်
မြေကြီးပေါ် ခဏခဏ ဝမ်းလျားမှောက်ခဲ့သူ.............။
 
ဗိုလ်ကြီးဆိုတဲ့ စကားလေး
သူ့ကိုခေါ်လျှင် ထန်းလျက်ကြွေး
ဒီနာမည်လေး နှစ်သက်သေး
ငယ်ငယ်တုန်းက အကျင့်လေးတွေ
သြော်.... ငါတို့ရဲ့ အဖေ..............။
 
သူပုန် ဆိုတဲ့ အမည်ခံ
နယ်ချဲ့ ကိုတွန်းလှန်ရင်း
ဗိုလ်လရောင် အတွက် အမျိုး မှန်ခြင်းတွေ............။
 
လမ်းဘေးက အကြော်တဲ အနား
ပြည်သူတွေနဲ့ အတူစားခဲ့တဲ့ အဖေ.........။
 
ကိုယ်တုံးလုံးနဲ့ ပြည်သူတွေ့ရင်
ကိုယ့် ဝတ်စုံကို ချွတ်ပေးချင်တဲ့ အဖေ...........။
 
မိသားစုကို ကြင်နာရင်း
ပြည်သူတွေကို သနားခြင်း ရှိတဲ့ အဖေ............။
 
နှလုံးသား လှပခြင်းများ
ရိုးသားတဲ့ စိတ်ထားအား
ပြည်သူတွေ ချစ်ခဲ့ကြရင်း
မောင်သာချို ခဏခဏပြောခြင်း ရှိတဲ့ အဖေ............။
 
အသက်ကို အပ်နှင်းလို့
အဖေ ပေးခဲ့တဲ့ အလင်းနဲ့
ခု.....
ကျွန်တော်တို့ အသက်ရှင်ခြင်းတွေ ရှိနေတယ်
ဒါပေမယ့်..... ဒါပေမယ့်...???????????????????.....။
 
သူငယ်ချင်းတို့ရေ..........
မမေ့ကြပါနဲ့
ဒီတစ်လနဲ့ ဒီတစ်ရက်အား
အသဲထဲမှာ မှတ်လို့ထား
ငါတို့ ဖခင် စတင်မွေးဖွားတယ်................။
 
မြန်မာတို့ ရဲ့ မျိုးဆက်
ဒီ လ..ရက် ကို မမေ့ဘို့တွေး
ကဗျာလေးကို ရေးရင်း
နှလုံးသားထဲမှ ထာဝရ ဦးခိုက်ခြင်း ရှိဆဲပါ အဖေ................။
 
                                                               ညီညီ(မြန်အောင်)
 
   "အောင်ဆန်းဇာနည်"  
ဖေဖော်ဝါရီ ဆယ့်သုံးဟာ
ဗိုလ်ချုပ် မွေးနေ့ပါ.....။
တစ်ထောင့်ကိုးရာ တစ်ဆယ့်ငါး
ရှေ့နေ ဦးဖာသား.....။
ဇာတိ နတ်မောက် မကွေးခရိုင်
သိကြ များခုတိုင်......။
ကြံ့ကြံ့ ခိုင်တဲ့ ဇာနည်ဘွား
မိခင် ဒေါ်စုသား...........။
တစ်ထောင့်ကိုးရာ လေးဆယ့်ခွန်
ပြောင်းကြွ တမလွန်.........။
မျက်ရည် ဖြိုင်လို့  ဘဝင်ညှိုး
ဇူလိုင် တစ်ဆယ့်ကိုး..........။
ပြည်ထောင်စုရဲ့ ကျေးဇူးရှင်
ဗိုလ်ချုပ် တို့ဖခင်.......။
ကောင်းစေချင်တဲ့ မှာစကား
ငါတို့ မမေ့အား...........။
 
 
 
" ကျွန်တော်သည် ကဗျာ ဆရာတစ်ယောက် မဟုတ်ပါ""ဗိုလ်ချုပ်အောင်ဆန်း
အကြောင်းအား လက်လှမ်းမှီသလောက် ရှာဖွေ၍ ရေးသားထားခြင်းသာ ဖြစ်၏
                                        
                                                                   


Sunday, February 12, 2012

အရံဖြစ်သွားတဲ့ အချစ်(ဘဝနဲ့ အချစ်က ကစားပွဲမဟုတ်တာသေချာပေမဲ့ တခါတရံမှာ အဓိကဆိုတာလည်း အရံဖြစ်သွားတတ်ပါတယ်)


တကယ်တမ်းလမ်းခွဲကြတော့လည်း
ရင်ခွင်တစ်ခုလုံး ဟာနေတယ်
ငါလည်းမမှား မင်းလည်းမှန်တဲ့ ဒီအဖြစ်မှာ
အချစ်က ပိန်းပေါ်ရေမတင် အဖြစ်တွေပါ...

ပေးဆပ်မှုတွေ အခါခါ  ငါသာရင်ကွဲခံပါ့မယ်
မချစ်မမုန်းတဲ့အသုံးတွေကြား မင်းလည်းပဲပြုံးမပြပါနဲ့ တော့
အဆုံးဆိုတာ တစ်နေ့ တော့ရှိကြမြဲ မဟုတ်လား...
ငါ့အပေါ်သာ နာကျဉ်းပြီး မုန်းပေးပါ...

မထိုက်တဲ့ပန်း စိုက်ခဲ့ပြီး နမ်းချင်ခဲ့တာ
အလွမ်းဆင့်မှာ မတန်မှန်းသိတဲ့ လူ...
အရာရာသွေဖယ်ခြင်းအောက်
ငါ့လမ်းငါပျောက်လည်း မကြောက်မတော့ပါဘူး...

ဆုံးဆည်းခြင်းတွေ အမှတ်တရ ငါ့ရင်ထဲမှာပွားနေတယ်
တစ်ကြိမ်တခါမေ့ဖို့ ကြိုးစားမှုတိုင်း
အကြိမ်ကြိမ်အခါခါ သတိရခြင်းကတားနေတယ်...
ဘာတွေ ဖြစ်ဖြစ်...

နေပါစေတော့...
မျှော်လင့်လျက်မထူးတဲ့ဘဝ မျှော်လင့်မဲ့သာရူးပါစေ
မဆုံမှန်းသိတဲ့ဘဝ ပုံဖမ်းကြည့်လိုမှမရတာ..
အမြင့်ကပန်း ပွင့်လန်းခြင်းအောက် ရနံ့ မပျောက်ဖို့  အဓိကလိုတာ..
ငါ.. ဒွိဟတွေကြား ခိုနားနေဖို့  မသင့်ပါဘူး...

                                                  လေလွင့်လူ(ကမာမြေ)

အချိန်ဆိုတာ သမားတော်......?

ဘုပုံလဲကွ..နကောင်မလေး အငယ်ပုံနဲ့ တူထှာ..ညီညီရာ

အတိတ်ဆိုတဲ့ အရိပ်က
တိတ်တဆိတ် တိုးဝင်လာ
နင့်ကို သတိရ တာတွေ ရှိရင်
ငါ့ ဦးနှောက်က စေခိုင်းချင်တယ်
မလွမ်းနဲ့ တော့တဲ့...............။

ချစ်တယ် ဆိုတဲ့ စကားလုံး
မုသားတွေ သုံးကာ
နင်ပြောခဲ့ တာကို တွေးမိရင်
ငါ့ ဦးနှောက်က စေခိုင်းချင်တယ်
မုန်းလိုက် တော့တဲ့.................။

သစ္စာ တရားကို
အပေါစား သဖွယ်သုံး
နင် ငါ့ကို ပစ်ခဲ့တုန်းက
ခံစားရ တာကို တွေးမိရင်
ငါ့ ဦးနှောက်က စေခိုင်းချင်တယ်
နာကျည်း လိုက်တော့တဲ့.................။
ချစ်သူရေ......
နှလုံးသားဆိုတာ
ဦးနှောက်ရဲ့ စေခိုင်းချက်မှာ
တိကျစွာ လိုက်လျော လျှက်ဆိုရင်
ငါလည်း နင့်ကို မေ့လိုက်ချင်တယ်..............။

"လူတွေ ပြောကြပါ သေးတယ်
အချိန်ဆိုတာ သမားတော်တဲ့"
ချစ်သူရေ....
အချိန်ဆိုတာ
ငါ့အတွက် အမှန်စင်စစ်
သမားတော် မဖြစ်ခဲ့ ဘူးဆိုတာ.......................။

ညီညီ(မြန်အောင်)

Thursday, February 9, 2012

တခါက အညာ...

         


အညာရယ် တစ်ခါကွယ်  ပြန်ကာလွမ်းတော့...
ဆူးပုတ်ဝယ် ပဲကြီးခတ်၊ခရမ်းချဉ်ချက် နီစပ်စပ်
ငရုပ်ကယ်တဲ့ ထိုးထောင်ထောင်
ပူလေတယ် ဖြူလေတဲ့ ထမင်း အာခေါင်ကယ်သွင်းလို့  လွေး...
မိုးမျှော်က အာကိုလောင်လို့ 
လက်ဖက်ရည်ကြမ်း၊ထန်းလျက်ခဲနှင့်ပဲလှော်ကြီးတို့ 
ကူးရတယ်လေး...

အရှေ့ ကယ်မျှော် ညို့ ကာမှိုင်း ရိုးမရိုင်းက သိုင်းထားတယ်
ရှု့ ချင်ဖွယ် မျှော်ကယ်မဆုံး ပျိုးခင်လယ် စာကယ်ခြောက်
ခပ်တောက်တောက်နဲ့  ကိုစာခြောက်... 
သေလ္လာခြေ မာလာဖူးရယ် မျစ်ဦးငယ်တူးပါလို့ 
ပင်ညောင်ချဉ် ဖူးရစ်ကယ် ပုရစ်ဖူး
တို့ အညာ ထိုအင်တောမှ ဖက်ခုတ်ခဲ့ ပြန်ချိန်(နေ)စောင်းလို့ 
ခွေးပိန်ငယ် လျှာတလှပ်လှပ် သခင်အပါးယဉ်ကယ်ပါး
ထပ်ချက်ပေါ့လေ...
ကြံစုန်နွား ပြေးလမ်းတဆုံး ဖုန်လုံးတွေလည်းလိမ့်လို့ ရယ်
ခြူသံမြိန် မိုးထိစွန့် မလေး ပြေးကြပေါ့လေး....

ခါချိန်ဝယ်ဂိမ္မာန်လပေမို့ 
ဒဟတ်ပန်းကြွေလေမှာဝဲ စင်္ကြာနှယ်လေး
ပင်ဇီးဖြူ ညှာတံပွတ်၊ပန်းစကားတို့  အလှကြွယ်
အရိုင်းငယ်တောင်ငယ်ပန်းရယ်နှင့် ဆွတ်ပျံ့ ဖွယ်
ပန်းချီမှုန်း သီကုံးရယ်မှီစာကိုစီ တုမနိုင်ပါ့မလေး
ပင်လက်ပံ ခြေအောက်ရင်းက ပွင့်ခင်သဏ္ဍာန်
ကောဇောခင်းနှယ်ရဲနေပေါ့လေး...
ဇရပ်၊ချိုး၊ခါး၊ဘုတ်ငယ်နှင့်ဘီလုံး၊ကြက်တူ...သာတကာစုံ
ပျော်ရွှင်ရွယ်မြူး ဆိုသီကြူးကာ ဝတ်ရည်ကိုငုံကြတယ်
တောလုံးကယ်မြူး.....
ပင်လက်ပံ တောင်ကိုင်းဖျားက ပျားကယ်ပုံ အုံကြတယ်
ဆန်ကောလောက်ကို  ကြီး....

တောင်တော်ပြင် ရွှေမြင်တင်နှင့်လှေကားနင်းချီတက်ရင်းက
အမောထူ တောသူလေအား လေပြေကူ ထူကာပေးလို့ 
ဆည်းလည်းသံ တချွမ်ချွမ်နှင့် တောင်ပေါ်မှာ စေတီသာအား
ဦးခိုက်စို့ လေး....

အညာနွေ ပူပုံထူးရယ်
တနောင်း၊ဇီး၊မကျဉ်းနှင့် ဆူးပင်ကများ လေတွေရူးတဲ့
ဒီလရယ် တန်ခူးမှာက ခံစားလွယ် စကားမကြွယ်သူမှာ
အညာလမ်း  တမာတန်းနှင့်
အလွမ်းတွေနဲ့ လူး............


                                လေလွင့်လူ(ကမာမြေ)


Tuesday, February 7, 2012

ငြိနေတဲ့အကြည့်တွေအကြောင်း..အောင်မှူးဝေ

 အိုအောင်မင်းအောင်မပေါင်းရချင်ေ

အိုအောင်မင်းအောင်တော့ကောင်းစေချင်ပါတယ်

စိတ်ကိုပစ်ချလိုက်တဲ့အခါ

ပျော်ရွှင်မှုဟာကျတဲ့နေရာမှာငြိမ်နေဖို့

တစ်ခါတစ်ရံ

အကြောင်းတစ်မျိုးမျိုးပြပြီးငိုရတယ်

ဆွံ့အသွားတဲ့ငိုသံမှာ

အချစ်ကအကြောင်းတရားပါပဲ။

တစ်နေ့လုံးလည်နေတဲ့ဘီးမှာ

အတွေးဟာ ပလတ်စတစ်အိတ်နဲ့အတူတူ

ငြိပြီးလည်နေတယ်

နေ၀င်သွားတာတောင်

ငိုသံတွေက၀င်မသွားတော့

ထွက်လို့ရသလောက်

ဒေါသတွေပဲထွက်လာ

ပွင့်ချလိုက်တဲ့အကြည့်တိုင်း

ဒဏ်ရာတစ်ခုထဲသင်းပျံ့တယ်

ငါ..

တစ်ကပြန်စလိုက်ရင်ကောင်းမလား

အနက်ရောင်ရင်ကွဲစကတ်ကလေးက

ငါ့အာရုံကိုပြဋ္ဌာန်းထားတာဟာ

မီးသဂြိုဟ်စက်ထဲရောက်နေတဲ့

ဂျူးပေါက်စလေးလိုဖြစ်နေခဲ့

ပူလောင်မှုက

သံသရာနဲ့ပြိုင်နေပြီ။ ။



အောင်မှူးဝေ


မတားထားတဲ့ စည်း....


ပိုးထိုးထားတဲ့ ခံစားချက်တွေ
အပြီးသတ်လှီးထုတ်ကာမှာ
ဘာဖြစ်လို့  ရှိုက်သံသဲ့သဲ့က
ကျန်နေရတာလဲ...
အချိန်ကောင်းကိုစောင့်နေတာမဟုတ်ဘူး
အချိန်ကောင်းဖို့ စောင့်နေတာ..
သတ်မှတ်ချက်ရဲ့  စံတော်ချိန်မျဉ်းဆိုတာ မတူမှတော့
ငါတို့ နှစ်ဦး ဆန့် ကျင်ရာသာ ဦးတည်ကြစို့ ...
ကျောခိုင်းရုံလောက်နဲ့  ဆန္ဒတွေကုန်မယ်လို့ 
မင်းယူဆနေတာလား...

အချစ်ဆိုတဲ့ အရာက လေးကလွှတ်တဲ့မြှားလိုပဲ
ဦးတည်ချက်ဘယ်တော့မှ မပြောင်းဘူး...
ရင်ခုန်သံတွေမသေဆုံးဘူး..
မျှော်လင့်ချက်တွေလည်း တိမ်နဖုံးဘူး...

အသက်ရှုချိန်တိုင်းတော့ မင်းမဟုတ်ဘူး
ရန်ခုန်မှုတိုင်းတော့ မင်းရှိနေတယ်...
ယုံကြည်ချက်တိုင်းတော့ မင်းမပါဘူး
မျှော်လင့်ခြင်းတိုင်းမှာ မင်းပါနေတယ်...
ငါ့ရင်မှာ နေရာအများကြီးမရှိဘူး...
တစ်နေရာထဲမှာ မင်းရှိနေတယ်...
တန်ကြေးဆိုတာမသတ်မှတ်ထားဘူး
မင်းကိုတော့ တန်ဖိုးအထားဆုံး...
“မေ့သွားမှာပါ”ဆိုတဲ့ စကား
ငါ့နားအခါးဆုံးပဲ...
အချစ်က ဒီရေကျန်အမှိုက်စမဟုတ်သလို
အမှဲ့ လွန်အသီးတစ်လုံးလည်းမဟုတ်ဘူး..
တားဆီးထားရင်တောင်ဖြတ်ကျော်ပြီး
 အပြစ်ရှိရင်ခံယူလိုက်မယ်...

ငါလည်းမမှား မင်းလည်းမမှားတဲ့ဒီကြားမှာ
လွှတ်ပစ်ဆဲဆဲ သံယောဇဉ်တွေ ပြန်ယူထားပါကွာ...
ငါ့တို့ နှစ်ဦးသားအနာဂတ်
ပူလောင်ခြင်းမိုးတဲ့ ထီးတစ်လက်မဟုတ်လား..
အဲ့ဒီ့အရိပ်အောက် ငါ့တို့ နှစ်ယောက်အတူရှိသင့်ပါတယ်.......

                                                        လေလွင့်လူ(ကမာမြေ)

Sunday, February 5, 2012

မောင်(စွယ်စုံကျမ်း)၀က်ဆိုဒ် ကဲသို့ လက်ရှိ ဒီဇိုင်းမျိုး ထပ်တူပုံစံ လိုချင်ရင်

လက်ရှိသုံးနေတဲ့ သားသားလေးရဲ့ ဆိုဒ်ဒီဇိုင်းလိုချင်ရင်ယူသုံးပါ ဟန်ဂျီအင်းတော့ မပါဘူးနော်

ဒါကတော့ကျနော်သုံးနေတဲ့ လက်ရှိ ဒီဇိုင်းပုံစံကို မျှဝေလိုက်တဲ့ သဘောပါ ။လိုချင်တဲ့

အခြေခံပညာသင် ၀ါသနာရှင်တွေအနေနဲ့ မိမိတို့ ရဲ့  ၀က်ဆိုဒ်မှာ ပုံစံတူ ယူသုံးချင်ရင်

ပေးထားတဲ့ ဖိုင်ကိုဒေါင်းလုပ်ယူပါ။ ပြီးလျှင် ဖိုင်ကို ဖြေလိုက်ပါထွက်လာတဲ့ဖိုင်လေးကို

မိမိဘလော့ရဲ့  Dashboard  => Design  =>  Edit HTML ကနေ upload ဆွဲတင်

ပြီး  Save  မလုပ်ခင် Preview  နဲ့ အရင်ကြည့်ပါ ။အဆင်ပြေပြီဆိုမှ Save Template

ကိုနှိပ်ပေးပါ အဲ့လိုဆို ကျနော့ဝက်ဆိုဒ်ပုံစံမျိုး ဖြစ်လာပြီ။ ခေါင်းစဉ်ဒီဇိုင်းလေးကိုလည်း

ဆွဲနည်း တင်ပေးပြီးသားပါ ဒီပုံစံက မီနူးဒီဇိုင်းထပ်ထည့်ရင်တော့ မလှပါဘူး အဲ့ကြောင့်

မယူခင်စဉ်းစားပါ ။သူငယ်ချင်းတစ်ဦးကပြောတယ် သူရဲ့ ဆိုဒ်မှာ  သူများဆွဲပြီးသားကို

ယူသုံးထားတာလင့်တွေက သေနေတော့ အရုပ်တွေမပေါ်တော့ဘူးလို့ ပြောလာတယ်

အခုကျနော်ဆွဲတာက ဘာအရုပ်မှမပါဘူး  ရိုးရိုးရှင်းရှင်းလေးကိုမှ  မျဉ်းကြောင်းတွေနဲ့ 

စနစ်တကျဆွဲထားတာပါ ။ မီနူးဒီဇိုင်း မထည့်ပဲ ကျနော်လုပ်သလို သုံးရင်တော့ အဆင်

ပြေကြမှာပါ ။ လိုအပ်သလို ပြန်ပြင်သုံးခွင့်ရှိပါတယ်။ မေးလာတဲ့သူများကို အသေးစိတ်

ပြန်ရှင်းပြပေးဖို့ က နိုင်ငံခြားသူဌေးတွေရဲ့ လက်အောက်မှာ လုပ်နေရတဲ့ဘ၀ ဆိုတော့

စိတ်သွားတိုင်းလည်း ကိုယ်မပါဘူး အလုပ်ပြီးမှ လက်ရှိဆိုဒ်လေး ရေးချင်တာက တမျိုး

မေးတာတွေကို ပြန်ဖြေရတာက တမျိုး ချက်တင်မှာ မေးလာတာကတမျိုး အမျိုးမျိုးပါ

ကိုယ်လည်း ပညာရှင်ကြီးမဟုတ်သေးတော့ တတ်သလောက် ကူညီပေးတဲ့သဘောပါ

ဝက်ဆိုဒ်တစ်ခုထဲ ၀င်ပြီးပြင်ပင်ပေးဖို့ က ဘယ်လို့ မှအချိန်မရတာကြောင့် အခုလိုတင်

ပေးလိုက်တာပါ ဘာမှတော့ မဟုတ်ပါဘူး လေ့လာမိသလောက်တင်ပြမျှဝေခြင်းဖြစ်ပြီး

မြန်မာပြည် ပြန်ရောက်ရင် ဒီဝက်ဆိုဒ်ကို ဆက်ရေးဖို့ အခြေနေ ပေးချင်မှပေးနိုင်မှာပါ

အဲ့ကြောင့် ဒီဆိုဒ်ရဲ့ (မှတ်မှတ်ရရ တစ်ညလုံးမအိပ်ဘဲ ကိုယ်တိုင်ဆွဲတဲ့) ဒီဇိုင်းလေးကို

မျှဝေလိုက်ရပါကြောင်း.။


ဒီ လင့်မှာ Download ယူပါ -  မောင်(စွယ်စုံကျမ်း) ၏ လက်ရှိ Template Design 


.

အလုပ်များသူတွေအတွက် Desktop ပေါ်မှာ Note လေးတွေ ထားကြည့်မယ်

တွေသမျှအလုပ် အမှိုက်ပုံးထဲထည့် တရားမှတ်ရင်း နာရီကြည့်..အိမ်ပြန်ရမယ်သတိ....။

ဒီနည်းကလည်း Window 7 မှာပါလာတဲ့ Sticky Notes စနစ်တစ်ခုပါ။အလုပ်အရမ်း

များသူတွေအတွက် နေ့ စဉ်နဲ့ အမျှလုပ်စရာရှိတာတွေကိုမှတ်မိလွယ်အောင်အလွယ်

လုပ်ထားချင်တယ်ဆိုရင် မိမိကွန်ပျုတာDesktop ပေါ်မှာမှတ်စုတို လေးတစ်ခုအဖြစ်

ရေးမှတ်ထားနိုင်ပါတယ် အလုပ်ကပြန်ခါနီး နောက်ရက်အလုပ်လာရင်အရေးတကြီး

လုပ်စရာရှိရင် ဒီနည်းလေးနဲ့ မှတ်ထား နာက်တစ်နေ့ ကွန်ပျုတာဖွင့်တာနဲ့  Desktop

ပေါ်မှာပေါ်နေမှာဖြစ်ပါတယ်။ မန်နေဂျာ ကွန်ပျုတာမှာ ရေးထားတာတွေ့ လို့ သုံးချင်

တဲ့သူတွေ သုံးရအောင် မျှဝေလိုက်ပါတယ်(Window 7 သမားတွေအတွက်ပါ)....။

Start => All Programs =>Accessorie မှာရှိတယ် Serch box မှာလည်း ရှိတယ်။

မူရင်းလင့်မှာလေ့လာကြည့်ပါ - http://www.evinco-software.com/stick note


.

ဘလော့ မှာ လတ်တလောရေးထားတဲ့ ပိုစ်တွေကို သီးသန့် မြင်စေချင်ရင်

ဒီဇိုင်းလေးက လှသလို ဖတ်တဲ့သူတွေလည်း လောလောဆယ်တင်ထားတာ သိလွယ်မယ်

ဒီနည်းလေးကတော့ ဘလော့ရေးတဲ့သူတွေအတွက်ပါ လတ်တလောရေးတင်ထားတဲ့

စာတွေကို သီးသန့် ဖတ်လို့ ရအောင် ခွဲခြားပြီး တင်ပြတဲ့နည်းဖြစ်ပါတယ် လုပ်နည်းက

လွယ်လွယ်လေးပါ ။ ပိုစ်အရေအတွက်မှာလည်း ကိုယ်ထားချင်သလိုထားလို့ ရပါတယ်

လတ်တလောတင်ပေးထားတာတွေ ခွဲထားတော့ စာဖတ်သူတွေ ရွေးဖတ်လို့ လွယ်ကူ

စေနိုင်ပါတယ် ။ နမူနာကို မောင်(စွယ်စုံကျမ်း)ဆိုဒ်ရဲ့ အောက်နားက   Recent Posts

မှာ ကြည့်ကြည့်ပါ အဆင်တော့ ပြေသလိုလိုပါပဲ သုံးချင်ရင်သုံးကြည့်ပေတော့.........။

ဘလော့မှာ ထည့်ချင်ရင် ဒီလင့်ကိုနှိပ်ပါ  Add a gadget Recent Post to my blog

မူရင်းလင့်မှာ လုပ်နည်း အပြည့်စုံပါတယ် http://www.bloggerplugins.org/Recent

Saturday, February 4, 2012

တစ်ချိန်က TROPICAL VILLAGE သို့..................

လူသိသူသိ ကြော်ငြာလိုက်ပီနော်..ဆရာညီ

ဒီတစ်ခါ နှုတ်ဆက်ခြင်းမှာ
ပြန်ဆုံခြင်းဆိုတာ မရှိတော့ဘူးးးးးးးးးးးးးးးးး ။
ရင်ထဲက သံယောဇဉ် ကြိုးမျှင်က
အလွယ်တကူ ဖြတ်လို့ ရနေသေးသမျှ
နင့်ကိုပဲ ကျေးဇူးတင်ရမယ်ပေါ့...............။
 
နင့် ဆုံးဖြတ်ချက် မှန်နေသလို
ငါ့ ဆုံးဖြတ်ချက် မမှားဘူးဆိုရင်
သူငယ်ချင်းဆိုတဲ့ သံယောဇဉ်အား
ဒီနေရာမှာ တစ်ခန်းရပ်ထား
ငါ့ကိုယ်ငါ သနားလို့
နောက်တစ်ခန်းဆက်ဘို့ မကြိုးစားတော့ဘူးးးးးးးးးးးးးးးး ။
 
ကျေနပ် လိုက်ပါ....
ရိုးသားခဲ့တဲ့ ငါ့ချစ်ခြင်းဆိုတာ
နင်အပျော်တွဲ ဓါတ်ပုံရိုက်ခြင်းလား
ပြန်တွေးလိုက်တိုင်း နှလုံးသားမှာ ခါးတယ်................။
 
ကိုယ့်လမ်းကို ဖောက်မယ်
ကိုယ့်လမ်းကို လျှောက်မယ်တဲ့လား??????????
လျှောက်ပါ.........
တစ်ခါ တစ်ရံမှာ ခလုတ်တိုက်
နာကျင်မှုနဲ့တော့ မငိုရှိုက်နဲ့............။
 
ကံကြမ္မာရဲ့ ရိုက်ခတ်ခြင်းမှာ
နင့်အတွက် ကံကောင်းခြင်းတွေ ရှိပါစေ
ငါ........
ဆုတောင်းပေးလိုက်တယ် ကောင်မလေးရေ...............။
 
                                                                     ညီညီ(မြန်အောင်)

(သူငယ်ချင်းတွေကပြောတယ်....အလွမ်းအဆွေးဆိုတာ ကဗျာရေးလို့ ကောင်းသတဲ့....သြော်......)


နတ်ဆိုးတစ်ကောင်နှင့်အိပ်မက်တစ်ခင်း


              

ပြာရီနေတဲ့နှုတ်ခမ်းတစ်စုံထက်က
ခြောက်သွေ့ သွေ့ စကားလုံးတစ်ချို့
ဂီတလိုသံစဉ်တော့ မဟုတ်ဘူး....
အိမ်မက်နတ်သမီးပျိုရဲ့ဆိုတေးတစ်ပုဒ်က
ကဝေပျိုရဲ့ လွမ်းတေးတွေဖြစ်နေတယ်....

အလင်းတိုင်အရိပ်အောက် ပိုးစုန်းကြူးတစ်ကောင်ရဲ့အိပ်မက်ဖမ်းစားရင်း
ဘယ်မှာလဲ လမင်း...
ညခင်းမှာစစ်ခင်းရင်းခပ်ဖျောက်ဖျောက်အလင်းအောက်
အသိတရားကိုယ်စီနဲ့ ဒူးတွေထောက်ခဲ့ရပေါ့...

မြက်ခင်းပြင်မစိမ်းလန်းအောင် မိုးရည်တွေပြုစားထားတယ်
ဆန့် ကျင်ဘက်တွေပဲ ထိပ်တိုက်ရင်ဆိုင်နေရအောင်
ဇာတာသီကြိုး အငြိုးနဲ့ ပွဲမှာ
ဆိုင်းပေါင်ကျိုးထမ်းပိုးနဲ့  ငွေလေးရွေးမင်းဖြစ်
ဒီဇာတ်တွေတော့ ကျန်ရစ်ပြီ...

ဘယ်လိုဖြစ်နိုင်မှာလဲ
ဒဿကိုအချစ်ရှုံးသမားတဲ့...
အချစ်ဆုံးသမားပါ
သီတာဒေဝီအပေါ်ချစ်စိတ်မပြယ်
ရာမမင်းလေးချက်အောက်အသက်ကယ်ပျောက်ခဲ့ရပေါ့...

ခပ်ပေါ့ပေါ့မဟုတ်တဲ့ အကျင့်တစ်ချက်အောက်
သောက်လိုက်တိုင်းလည်းခါးနေရပြီ
အတွေးစဉ်တိုင်းလည်း မှားနေရပြီ...
တက်ခဲ့တာတော့ခပ်မြင့်မြင့်မဟုတ်တော့
ဘယ်မှာလာပြီး လေညှင်းအေးမှာလဲ...
လက်တွေ့ သဘောရဲ့ အကြင်နာနယ်က
အလင်္ကာမကြွယ်တဲ့ ပြယုဒ်တွေနေမှာပါ..
ကြင်နာခြင်းတစ်ခင်းလုံးကိုမှ ကြမ္မာပျားကဝတ်ရည်စုပ်သွားလေတော့
ချိုမြန်ခြင်းတွေ သေဆုံးခဲ့ရတာပေါ့..

လိုတာမရ မရတာလိုတဲ့ဘဝ
ညတာတွေတိုဆဲမှာတော့
မလောက်မငှ အလွမ်းတွေတော့ လာမချပါနဲ့ ...
ဌာနက အစာမဝလည်း အတောင်စိုစိုနဲ့ ပျံနေအုံးမှာပဲ..
ဓားတောင်ပဲကျော်ကျော် မီးပင်လယ်ကိုပဲဖြတ်ဖြတ်..
ဇာရာအို ရတုတစ်ပုဒ်တော့ပျိုရွယ်နေဆဲပါ..
အလိုက်သင့်သက္ကရာဇ်တွေ ပြိုမယ်ဆိုလည်းပြိုလောက်ပါတယ်
နေ့ ရက်တွေတောင်ခြစားသေးတာပဲ...

၂၀၁၂ ကမ္ဘာပျက်မယ်ဆိုလား...
အယူခံတွေဝင်လို့ မရမဲ့အတူတူတော့
Feb:14 မတိုင်ခင်သာပျက်လိုက်ပါတော့လား......

                                                      လေလွင့်လူ(ကမာမြေ)

Friday, February 3, 2012

တန်ဖိုးမဲ့ ချစ်ခြင်း


ငါတို့ မဆုံဖြစ်ခဲ့ရင်
ဒီလို ခံစားမှု မျိုးတွေ
ရင်ဘတ်ထဲကို ဝင်ရောက်လာမှာ မဟုတ်ဘူး...........။

ရူးသွပ်မှုတွေနဲ့ မျှော်လင့်နေဆဲမှာ
နင်ငါ့ကို ခွဲသွားတော့မယ် ဆိုတာ
ကံကြမ္မာက ငါ့အတွက်
တမင်တကာ ရက်စက်ခဲ့တာလား............။
 
ဆိုင်သူ ရှိပြီးသားမို့
ယှဉ်ပြိုင်ကြပါစို့လား တဲ့.........?
ထားလိုက်ပါ..........
ငါ ပြုံးပြုံးလေးနဲ့
အရှုံး ပေးလိုက်တယ်..........။
 
ပြိုင်ပွဲ ဆိုတာ
အောင်နိုင်သူအတွက် အပြုံးပေမယ့်
ရှုံးနိမ့်သူ အတွက်ကတော့
တောက်ခေါက်သံ ခပ်ပြင်းပြင်းနဲ့
ကြေကွဲ ဝမ်းနည်းရခြင်းတွေ ပါဟာ..............။
 
မပြိုင်ဆိုင် ချင်ဘူး.......
အလိုလို နိုင်တဲ့ ဆုတစ်ခုအား
ရှေးရေစက်က ငါ့ကို ပေးသနားလိမ့်မယ်............။
 
မေ့နိုင်အောင် ကြိုးစားခဲ့ပါတယ်
မေ့မရတဲ့ နောက်ဆုံး
တိတ်တိတ်လေး ရင်ခုန်ရခြင်းကိုအဖော်ပြု
အရှုံး ဆိုတာ ငါ့အတွက် ပထမဆု တစ်ခုထဲ
အချစ်က....
ငါ့အတွက် ကဗျာ တစ်ပုဒ်လောက်မှ တန်ဖိုးမရှိပဲလေ.............။
 
                                                                    ညီညီ(မြန်အောင်)


အရိပ်တစ်ခုရဲ့ ခြေရာစစ်

နင်ပုံပြောထားတာ ငါသိတယ်
ငါ ပုံအောထားတာ နင်မသိတာ
အလိုရှိမှ အခင်ဆုံး နင်သုံးတတ်တဲ့စကားလုံး
သုံးသပ်ဖို့ ခက် ဆုံးဖြတ်လို့ မတတ်
နင်မုန်းသွားရင် အရင်ဆုံးဖျားမှာ ငါ့နှလုံးသားလေ...

သတိရလားမမေးနဲ့  နင့်အကြောင်းပဲတွေး
ညှိလို့ မရနေ့ ည နင့်ငါ့ကိုပြုစားထားတယ်
ကုစားဖို့ အတွက် နွေးထွေးတဲ့လက်တစ်စုံ
ဒီတစ်သက်ပုံကာပေးဖို့  အကုန်သာတွေးတော့...
ဆုံမှတ်တွေဝေး ငါ့ရင်ခုန်သံ အေးစက်ခဲကုန်ရပြီ...

နင်ရှိရင်ငါပျော်တယ် နင်ရှိအောင်ငါမျှော်ဖို့ 
ရောင်နီလင်းသစ် တစ်ပေါက်လောက်တောင်
ငါ့မှာခံစားခွင့်မရှိနိုင်တာသိနေတယ်....
ဆာလောင်မှုနဲ့ နှလုံးသားငယ် အပြုံးစကားအလည်
အရှုံးများလွယ် ရုန်းအားငယ်တော့...
ကံဆိုတာယုံ ပုံကာရယ်သက်ဆင်း
နင့်ခြေရင်းက ငါ့အချစ်...
နင်းချေပစ်မယ်ဆိုလည်း ငါမငြင်းပါဘူး...

ဘာဖြစ်ဖြစ်ချစ်နေချင်တာဆိုတာထက်
ဘာလုပ်လုပ်ခွင့်လွှတ်ပေးတတ်တာ
ရယူလိုခြင်းအတ္တတွေလို့  နင့်စာရင်းမှာမပါရင်
အနာဂတ်ရဲ့ နှစ်ဦးသားလမ်း ပန်းတွေတော့မခင်းတတ်ဘူး
ပျော်ရွှင်ခြင်းတစ်ခင်း ငါစိုက်ပျိုးရင်း
လက်တစ်ကမ်းမှာတော့ရှိနေမယ်
နင်ကျေနပ်မှာပါ....


                                              လေလွင့်လူ(ကမာမြေ)

Wednesday, February 1, 2012

ငါေ န တဲ့ အိမ်-၂


ကျွန်တော်တို့လောင်းထည့်သလောက်

ပြည့်မသွားတဲ့မေတ္တာတရားတွေနဲ့

နှလုံးသားကိုခလုတ်တိုက်ပြီးဝင်လာတဲ့

ဆည်းလည်းဖြူဖြူလေးတွေ

လွတ်လပ်စွာနွေးထွေးကြရာပေါ့။

အသက်ကြီးလာလေ

သတ်ကွင်းဆန်လာလေ

စားကျက်မြေလောကဓံထဲ

ကျွန်တော်တို့လဲကျသွားတဲ့အခါတိုင်း

သွေးခြေဥနေတဲ့အသံနဲ့

အော်ခေါ်မိတဲ့အမည်ပေါ့။

သမီးလေးတွေအကြောင်းစာဖွဲ့ခဲ့သလို

မြေးကလေးတွေအကြောင်းလည်း

ဆက်လက်စာဖွဲ့ရတဲ့နေရာပေါ့။

အတွေးတွေက

အတွင်းရောအပြင်ပါလောင်နေတယ်

ဒီအမည်ရဲ့ ကြီးမြတ်စွဲမက်စရာဂုဏ်ပုဒ်မှာ

ကျွန်တော်တို့ရှင်သန်မှုတွေချိတ်ဆွဲထားကြတယ်။  ။


 အောင်မှူးဝေ
31.1.2012

(ကျွန်တော့်ဦးလေးဦးမော်ဟန်း-ခ-စာရေးဆရာချိုတကူး-ကလေး-အား

ဂုဏ်ပြုရေးဖွဲ့ပါတယ်။  ။)


ငါ နေတဲ့ အိမ် - ၁

From Google image serch

ပိတ်ဆည်းကြပ်တည်း
လေးဘက်လေးတန်ကာရံထားစရာ
အိမ်တဲ့ဗျာ..။
လုံခြုံရုံတင်ပြီးရော
ခုတော့
စေ့ကျပ်မဟ
ပြတင်းဝကလည်းမနှစ်မြို့စရာ
ဒဿနလေပြေလေးတွေ
ယဉ်ကျေးနေခြည်နွေးတွေ
မိုးမှုန်မွှားသံစဉ်သွားတွေ
လင်းကျင်းရှင်းသန့်
လွတ်လွတ်လပ်လပ်ဝင်လာပစေပေါ့။
အရေးကြီးတာက
ရပ်တည်ဆဲ
ကိုယ့်ခြေထောက်တွေ
ယိမ်းယိုင်လဲပြိုမသွားဖို့ပဲ
အဲ့ဒီ
မိုး လေ နေ တွေ ကြောင့် လေ။    ။

(3.2.97 စိတ်ရှုပ်ထွေးတဲ့ညကရေးတယ်။)

ချိုတကူး(ကလေး)


ဖြူစင်သောမျှော်လင့်ချက်

Best က န ပုံနော် မင်နဲ့ ငါနဲ့ နော် ။ငါနဲ့ မင်းနဲ့ နော်...ဟဲဟဲ

သူငယ်ချင်းဆိုတဲ့ သံယောဇဉ်နဲ့
ဖြူစင်ခြင်းတွေပဲ  ဖန်တီးမိသူပါ..........။

မဆုံနိုင်တဲ့ ဘဝနှစ်ခုမှာ
အချစ်ကို ဗဟိုပြု ကြမယ်ဆိုရင်
ငါတို့.........
ကြေကွဲခြင်းတွေပဲ ခံစားရလိမ့်မယ်ဆိုတာ
ကိုယ်စီနားလည်ထား ပြီးတဲ့ တစ်နေ့
ဖြူစင်စွာ ငါတို့ ဆုံတွေ့ ပါရစေ................။

ချစ်ခဲ့ ပြီးမှ မမုန်းချင်ဘူး
နီးခဲ့ပြီးမှ မဝေးချင်ဘူး
သံယောဇဉ် တစ်ခုရဲ့ နေရာတိုင်းမှာ
ရင်ခုန်ခြင်းတွေဟာ နေရာယူလည်း
ငါ.... မသိသလိုပဲ နေလိုက်တယ်................။

နင့်ကို လွမ်းရင် ကဗျာရေး
ဂစ်တာတီးတော့ လွမ်းတဲ့တေးတွေ
နောက်ပြီး.........
အမောင် တည်ပေးတဲ့ အမှတ်တရ အိမ်လေးမှာ
သတိရခြင်းတွေကို ဖြန့်ခင်းထား
နင်လည်း ခဏတော့ ဝင်လည်ပေးသွားပါ..............။

ချစ်ခဲ့ ပါတယ် သူငယ်ချင်း
ဖြူစင်ခြင်း တွေနဲ့ပါ.....
လွမ်းခဲ့ပါတယ် သူငယ်ချင်း
ဖြူစင်ခြင်း တွေနဲ့ပါ.....
ဆုံတွေ့ချင်ပါတယ် သူငယ်ချင်း
ဖြူစင်ခြင်း တွေနဲ့ပါ.....
နေမဝင်သေးခင်
ငါတို့ ဘဝရဲ့ တစ်နေရာမှာ.................။
                                     
                                                      ညီညီ(မြန်အောင်)

ခုနှစ်အလိုက် ရေးသားခဲ့သော စာများကို အောက်ပါလင့်များမှာ နှိပ်၍ ရှာဖတ်ပါ

ဒီဝက်ဆိုဒ်မှာအသစ်တင်တိုင်း FB ကနေ ဖတ်နိုင်ရန် အောက်တွင် Like ကို နှိပ်ထားပါ။ Like ပေါ်တွင် အမှန်ခြစ်ရှိနေပါက ထပ်နှိပ်စရာမလိုပါ။
×
Like ပြီးလျှင် X ကိုနှိပ်ပါဖုန်းထဲကိုထည့်ဖို့ မောင်(စွယ်စုံကျမ်း) ၀က်ဆိုဒ်၏ MSSK Apk Download Click Here