Saturday, February 25, 2012

လွမ်းဇာတ်

ပြန်တွေးတော့လည်းလွမ်းစရာ

ပြန်မတွေးတဲ့အခါလည်း

လွမ်းစရာဖြစ်တာပဲ

လီနင်ဂရက်ကို

ဂျာမန်တွေရက်-၉၀၀ ၀ိုင်းခဲ့သလို

ကဗျာဆရာတွေကို

လောကဓံ -၁၈၀၀၀၀ိုင်းခဲ့တယ်။

မြန်မာ့တန်ခိုးနဲ့

နှစ်ဆတိုးပြီးတော့ရုန်းကန်ကြ

ကြယ်ပြာကလေးတောင်

လင်းလက်ရာကနေသွေးဆုတ်သွား

အသင်လူသား

မျောက်တွေတောင်

ကိုယ့်ခြေထောက်ပေါ်ကိုယ်ရပ်နေပြီ

ဒူးထောက်ရာကထပါလော့

အဆင်းရဲဆုံးနိုင်ငံဖြစ်လိုက်ပုံ
တော့

လိုက်နာကျင့်သုံးစရာ

ဥပဒေတောင်မှမရှိဘူး-စသဖြင့်

ရင်နာဖွယ်ရာဟာသတွေ

ကဗျာစာအုပ်ထဲကိုမောင်းမောင်းသွင်းနေမိ

××××××××××××××××××××××××××××××××

ငါက

ဒီဇာတ်လမ်းကို

အစ-အဆုံးမှတ်တမ်းပြုသူမျှသာ

ဇာတ်လမ်းရဲ့စနေထောင့်ကသေနတ်သံဟာ

ငါနဲ့လုံးဝမသက်ဆိုင်ပါကြောင်း..။

×××××××××××××××××××××××××××××××××××

ခက်လိုက်တာ

ခံစားမှုတွေတောပြုန်းသွားပုံမျာ

ငါ့ကိုယ်ငါပြန်လွမ်းမိတောင်

အရသာမရှိတော့ဘူး။

တစ်ယောက်အမောကို

နောက်တစ်ယောက်ကပြောပြီး

အမောဖြေရတဲ့ပတ်ဝန်းကျင်ဟာ

ကဗျာဆရာတွေရဲ့တောအုပ်ဖြစ်တယ်

ငါတို့

ဒီလိုပဲကြည်နူးခဲ့ကြတယ်။

ကြယ်မစုံတဲ့မြစ်ပြင်မှာ

ကိုယ့်အလင်းနဲ့ကိုယ်လှော်ခတ်ရင်

ငါတို့နွေဦးဟာတက်ကျိုးခဲ့တာပဲ

ဖင်လန်သမ္မတ

လူပျိုကြီးမင်္ဂလာဆောင်သလို

ဝိုင်ချိုလည်းမင်္ဂလာဆောင်ချင်ပေလိမ့်မယ်

ရုရှားသူတွေဗော့ဒ်ကာနဲ့လက်ထပ်သလို

တိုးနှောင်မိုးလည်း

လမ်း၄၀ထိပ်က

မြို့ပြမိဖြူနဲ့လက်ထပ်တယ်

အလွမ်းဖြူဖြူတွေပဲလားသူငယ်ချင်း

×××××××××××××××××××××××××××××××××

ထရီဇာ..လို့

နွေးနေတဲ့ရင်ငွေ့ကိုသွန်းထုရင်းငါကမျောနေချိန်

သစ္စာမဲ့သစ္စာပန်းလေးတွေရဲ့ရယ်သံက

ငါ့ဦးနှောက်ကိုလောင်မြိုက်ခဲ့

ဘ၀အကြောင်းတရားကလည်း

လွယ်အိတ်မီးလောင်စော်နံနေတုန်း။

ကဗျာဆရာဆိုတာ

သူ့စာမျက်နှာအတိုင်းရဲရင့်ခဲ့သူပါ။

ကဗျာဆရာဟာ

သူ့ရဲ့ရဲရင့်မှုကြောင့်ပဲ

အားလုံးကိုကောင်းစားစေလိုတဲ့

သူရဲကောင်းဖြစ်တယ်။

ကဗျာဆရာဟာ

နှင်းဆိပ်သင့်ထားတဲ့ မီးလင်းဖိုလေးမဟုတ်ခဲ့တာ

အမှားလား..။

ကိုယ့်သဘောနဲ့ကိုယ်

သော့ခတ်ထားတဲ့အိမ်ပြန်ချိန်တွေထဲ

ခြေရာကောက်ခြင်းငှာမစွမ်းသာတဲ့ဝေါဟာရဟာ

ကဗျာဆရာရဲ့မိသားစုပါပဲ။

ခြောက်သွေ့မှုချင်းပေါင်းစပ်ပြီ

စိုထိုင်းအေးစက်လာတတ်တဲ့

အစ္စရေးကန္တာရစိုက်ခင်းလေးတွေလို

ကဗျာဆရာအချင်းချင်းဟာလည်း

နှစ်ရှည်ပူးပေါင်းစိမ်းလန်းတတ်ခဲ့ကြ။

ဇာတ်နိပါတ်ထဲခဏခဏသွားပြီး

အင်ကြင်းပန်းကိုလွမ်းနေသူကြီးတစ်ယောက်အကြောင်း

ပြောရင်

မိုးမိထားတဲ့ကဗျာစာအုပ်လေးကိုပြဋ္ဌာန်းကျမ်းစာလို

သွားလေရာကိုသယ်ဆောင်သွားတတ်ရင်

ကျောနံပါတ် ၀ိုင်ချိုပဲ။

ကိုယ့်ကဗျာထက်ပိုပြီးဒီနေ့နည်းနည်းများသွားတယ်

ဒီစကားစုပိုင်ရှင်ကတော့

အသင်းခေါင်းဆောင်တိုးနှောင်မိုး

မငြိမ်းနိုင်တဲ့တော်လှန်ရေးဝါကျတစ်စုံ

ငါတို့ကွင်းထဲဝင်လာရင်

အောင်ရင်ငြိမ်းပဲ

ငါတို့အားလုံ့း

ကိုယ့်အပြုံးနဲ့ကိုယ်သရေပွဲအဖြစ်ရှုံးခဲ့ကြ။

ငါတို့ကဗျာဆရာတွေ

စိမ်းကားမှုနဲ့အပစ်အခတ်ရပ်စဲရေး

အော်ဟစ်ဆွေးနွေးပြီးတဲ့နောက်

ခင်ဇော်မြင့်ရဲ့တောင်သမန်မှာဆုံကြမယ်

မောင်သိန်းဇော်ရဲ့ရှုမျှော်ခင်းဆီအရောက်

ကိုချောရဲ့ကိုက်လမ်းလေးအတိုင်း

လျှောက်ဝင်သွားကြမယ်။

ကဗျာဆရာဆိုတာ

ကဗျာရဲ့ကိုလိုနီသဘောက်တွေပေါ့ကွ

ရင်ခုန်သံနဲ့အက္ခရာတွေကိုကောက်သင်းကောက်လိုက်တိုင်း

အဆင်မပြေမှုကမီးဟုန်းဟုန်းတောက်ပြန်တယ်။

ကဗျာဆရာဟာ

ကိုယ့်အရိပ်နဲ့ကိုယ်

ဘယ်တော့မှစီးချင်းမထိုးဘူး

ကဗျာဆရာဆိုတာ

လွတ်လပ်ချိုမြိန်တဲ့အသိတရားတွေနဲ့

လောကကြီးအတွက်မွေးဖွားလာကြတာ။

ကဗျာဆရာတွေရဲ့ဘ၀က

လွယ်ကူစွာရှုပ်ထွေးနေတဲ့အခြင်းအရာ။

နှစ်ကာလထဲက

အလိုက်သင့်ထွက်လာတဲ့နေ့စွဲဥယျာဉ်မှာ

အေးအေးလူလူသီးဆဲသစ်သီးတွေဟာ

ကဗျာဆရာတွေရဲ့အိပ်မက်ပေါ့

အေးအတွက်သစ္စာတရားတွေပွေ့ပိုက်ပြီး

အေးနေတဲ့မြောင်းထဲထိုးကျသွားတယ် ၀ိုင်ချို။

အရည်ပြားထဲစိအ့်စိမ့်ပြီးချမ်းတဲ့အရည်တွေ

သူသောက်နေတုန်းပဲ။

×××××××××××××××××××××××××××××××

ကဗျာဆရာတွေ

ရူဘီမားကက်မှာ

ကိုမိုဃ်းဇော်နဲ့ကော်ဖီသောက်ကြတဲ့နေ့က

ကိုယ်စီကိုယ်စီစကားလုံးတွေထဲ

စိန်ခြယ်ပန်းများမွှေးခဲ့။

အဲဒီပန်းတွေ

ကိုရွေးရဲ့ရေတံခွန်နားကခူးခဲ့တာ

ကျည်ဆံရထားလို

များများမြန်မြန်ပြေးနေတဲ့ကဗျာအကြောင်းတော့

စိုင်းဝင်းမြင့်ဥပဒေအတိုင်း

နားနားပြီးပြောရတယ်။

ကဗျာဆရာတွေရဲ့သစ္စာတရားက မိုးဝေး

သူပဲအကြမ်း  သူပဲအချော။

လက်ရှိ

လမ်းဖြတ်ကူးနေတဲ့ကဗျာတွေကိုတွေ့ကြရဲ့လား

အရပ်လေးမျက်နှာ

အကြည့်တွေထိမှန်သွားနေတယ်။

ငါ့ဆန္ဒကဆင်းရဲပါတယ်

မောင်ကိုမောင်ရဲ့

ပလိုင်းထဲထည့်ဆောက်တဲ့အိမ်ကလေးမှာနေချင်တာ

ကဗျာဖတ်သူမမတစ်ယောက်နဲ့

အသက်ရှူသံချင်းဆက်သွယ်ကြည့်ချင်တာ

လစဉ်ထုတ်မဂ္ဂဇင်းတွေထဲက

အသက်ကြီးပုကဗျာလေးတွေကို

စိတ်ကူးနဲ့ကောက်သီကြည့်ချင်တာ

လက်ဝယ်ပိုင်ဆိုင်မှုက

ဆန္ဒထက်အမြဲတမ်းနည်းခဲ့တယ်။

×××××××××××××××××××××××××××××××××××××××

အခု...

ကဗျာဆရာတွေ ဆူးလေလမ်းပေါ်မှာ

ခရေကိုင်းမှာချိတ်ထားတဲ့မျက်လုံးက

ငါတို့ရဲ့စကားလုံးတွေကိုဘယ်မြင်မလဲ

သူလည်းသစ်ရွက်တွေနဲ့ရောစိမ်းနေခဲ့တာ။

ဆူးလေလမ်းဟာ

သက်ချာဝါဒကိုနားမလည်ဘူး

ရေဂင်စီးပွားရေးဝါဒကိုမသိဘူး

အသက်ကယ်အင်္ကျီအရင်းရှင်စံနစ်ကိုမသိဘူး

ဆူးလေလမ်းဟာ

တိုးရစ်တွေကို ပဲပို့စ်ကဒ်ရောင်းတတ်တယ်။

ဆူးလေလမ်းဟာ

လူတွေဖြတ်ကူးဖို့

ရာဇ၀င်မျဉ်းကြားနဲ့။

လုပ်သားပြည်သူတိုင်း

တပြေးညီသောတဆင်စရာ

လက်လုပ်လက်စားသီချင်းနဲ့။

ဆူးလေလမ်းဟာ

ဘီအမ်ကားစပယ်ယာပါးစပ်နဲ့

ရန်ကုန်ကိုစာလုံးပေါင်းပြနေတဲ့လမ်း

ကဗျာတချို့

သွားလမ်းမသာပေမယ့်

လာလမ်းတော့ဖြောင့်ခဲ့တယ်။

ကဗျာဆရာဟာ

ဘတ်ဂျက်ကျွမ်းကျင်သူမဟုတ်တဲ့အတွက်

ဝင်ငွေထွက်ငွေမညီဘူး။

ဘာပဲဖြစ်ဖြစ်ကဗျာကို

သွေးတစ်စက်ထဲကျန်သည်အထိ

ငါတို့ကာကွယ်သွားကြမယ်။     ။

(ကဗျာဆရာများနှင့်မဆွေးမြေ့သောနေ့စွဲများသို့..................)

အောင်မှူးဝေ

24.2.2012


3 မှတ်ချက်:

ညီညီ said...

ထရီဇာ..လို့

နွေးနေတဲ့ရင်ငွေ့ကိုသွန်းထုရင်းငါကမျောနေချိန်

သစ္စာမဲ့သစ္စာပန်းလေးတွေရဲ့ရယ်သံက

ငါ့ဦးနှောက်ကိုလောင်မြိုက်ခဲ့

ဘ၀အကြောင်းတရားကလည်း

လွယ်အိတ်မီးလောင်စော်နံနေတုန်း။

ကဗျာဆရာဆိုတာ

သူ့စာမျက်နှာအတိုင်းရဲရင့်ခဲ့သူပါ။

အားပေးသွားတယ် အကိုရေ.............။

မောင်(စွယ်စုံကျမ်း) said...

ဒီကဗျာက စာအုပ်မှာ ပါလာတော့မယ်ဆိုတော့ ၀မ်းသားတယ်ဗျာ....ကဗျာတွေအားလုံကောင်းနေတယ်..အားပေးနေလျှက်

Anonymous said...

(အောင်မှူးဝေ)ဖက်ရှင်မဂ္ဂဇင်းမှာဖော်ပြမယ်ပြောပါတယ်။

Post a Comment

ခုနှစ်အလိုက် ရေးသားခဲ့သော စာများကို အောက်ပါလင့်များမှာ နှိပ်၍ ရှာဖတ်ပါ

ဒီဝက်ဆိုဒ်မှာအသစ်တင်တိုင်း FB ကနေ ဖတ်နိုင်ရန် အောက်တွင် Like ကို နှိပ်ထားပါ။ Like ပေါ်တွင် အမှန်ခြစ်ရှိနေပါက ထပ်နှိပ်စရာမလိုပါ။
×
Like ပြီးလျှင် X ကိုနှိပ်ပါဖုန်းထဲကိုထည့်ဖို့ မောင်(စွယ်စုံကျမ်း) ၀က်ဆိုဒ်၏ MSSK Apk Download Click Here