ဒီစာအုပ်ကတော့ မြန်မာပြည်ဝန်ကြီးချုပ် ဦးနုရဲ့ ဘ၀အကြောင်းရေးထားတာနော်
ဒီစာအုပ်လေးကို စိတ်ဝင်စားတဲ့သူတွေ ဖတ်စေဖို့ ပြန်လည်မျှဝေလိုက်ပါတယ် ၀တ္ထု
ရသထက် မြန်မာပြည်ဝန်ကြီးချုပ်တစ်ဦးရဲ့ ဘ၀ဖြစ်ရပ်မှန်အကြောင်း သူနေထိုင်ခဲ့ပုံ
လေ့လာပညာသင်ပုံ ကျင်လည်ကျက်စားခဲ့ပုံကစပီး မြန်မာပြည်ဝန်ကြီးချုပ်ဖြစ်လာ
သည်အထိ စိတ်ဝင်စားဖွယ်ရေးသားထားပါတယ် ။ဗိုလ်ချုပ်အောင်ဆန်းနဲ့ တွေ့ ဆုံပုံ
မြန်မာနိုင်ငံရေးကို မည်သို့ မည်ပုံဆောင်ရွက်ခဲ့ပုံ ငယ်ငယ်က ဆိုးခဲ့ပုံ မိုက်ခဲ့ပုံတွေ
ရုပ်ရှင်ဇာတ်လမ်းပုံစံဖတ်ရတဲ့အခါ ၀တ္ထုတစ်ပုဒ်ရဲ့ရသရော မြန်မာ့နိုင်ငံရေးသမိုင်း
ဗဟုသုတတွေပါ အစုံရတဲ့ စာအုပ်ပါ ။ ဒီစာအုပ်ထဲမှာ ကျောင်းသင်ခန်းစာမှာမပါတဲ့
မြန်မာနိုင်ငံရေး သမိုင်းအစစ်ကို တွေ့ ရပါလိမ့်မယ် ။ စာပေးစီစစ်ရေးက ခွင့်မပြုဘူး
ဆိုပေမယ့် ဒီစာအုပ်က 2008 လောက်မှာတင် အွန်လိုင်းမှာ ပြန့် နေပါပီ ။ အခုတော့
ထုန်ဝေခွင့်ရပီလို့  သတင်းမှာဖတ်ရပါတယ် ။ လက်ရှိစာအုပ်နဲ့  အရင်စာမူဖိုင်တွေ
ဘယ်လိုကွဲပြားသေးလည်းဆိုတာ စာအုပ်ဖတ်သူများ နှိုင်းယှဉ်ကြည့်ပါ ။ သတင်း
အညွှန်းလေး ကူးတင်လိုက်တယ်နော်..အောက်မှာဖတ်ကြည့်လိုက်ပါ...................။
အောက်ပါလင့်မှ မူရင်းအတိုင်း ကူးယူဖော်ပြပါသည်..
www.myanmarij.com
“ဒီစာအုပ်ကို လူငယ်တွေအားလုံးအတွက် ရေးတာ ဆိုတော့ အရမ်း ဖြစ်စေချင်တယ်။ ဒီစာအုပ်ကို ထုတ် ချင်တယ်။ သူက ထုတ်ချင်လေ ထုတ်လို့မရလေ ဖြစ်နေတယ်။ စာအုပ်က နှစ်ပေါင်း သုံးဆယ်ကျော်မှ ထုတ်ခွင့် ရတော့တယ်”ဟု ဝန်ကြီးချုပ်ဟောင်း ဦးနု၏ သမီး ဖြစ်သူ ဒေါ်စန်းစန်းနုက စက်တင်ဘာ ၂ဝ ရက်က မြန်မာ အင်ဒီပဲန်ဒင့်နှင့် တွေ့ဆုံ စဉ် ပြောကြားသည်။
စာရေးဆရာ၊ ဝန်ကြီးချုပ်ဟောင်း ဦးနုသည် တာတေစနေသား အမည်ဖြင့် ကိုယ်တိုင်ရေး အတ္ထုပ္ပတ္တိ စာအုပ်ကို လွန်ခဲ့သော နှစ်ပေါင်း သုံးဆယ်ကျော် ကတည်းက ရေးသား ပြီးစီးခဲ့သည်။ ထိုအချိန်ကာလမှ စ၍ စာအုပ် အဖြစ် မြန်မာနိုင်ငံတွင် ထုတ်ဝေခွင့် မရခဲ့ဘဲ ယခုမှသာ ပထမဆုံးအကြိမ်အဖြစ် မြန်မာနိုင်ငံတွင် ထုတ်ဝေခွင့် ရရှိခဲ့ခြင်း ဖြစ်သည်။
တာတေစနေသား စာအုပ်ကို ထုတ်ဝေခွင့် ရရန် အကြိမ်ကြိမ် ကြိုးပမ်းခဲ့သော်လည်း ထုတ်ဝေခွင့် မရရှိခဲ့ကြောင်း သိရသည်။ ငါတို့စာပေ စာအုပ်တိုက်မှ ထုတ်ဝေသူ စန်းမွန်အောင်ကလည်း တာတေစနေသား စာအုပ်ကို ၂ဝဝ၉ ခုနှစ်ကတည်းက ထုတ်ဝေခွင့် ရရန် အကြိမ်ကြိမ် ကြိုးစားခဲ့သော်လည်း စာပေစိစစ်ရေး၏ မူဝါဒများကြောင့် ထုတ်ဝေခွင့် လုံးဝ မရခဲ့ကြောင်း ပြောသည်။ ယင်းသို့ ထုတ်ဝေခွင့် မရခဲ့သည်နှင့် ပတ်သက်၍ “ဒီစာအုပ်ကို ထုတ်မယ် လုပ်တော့ လူကြီးတစ်ယောက်က မထုတ်ပါနဲ့၊ ထုတ်လို့ရှိရင် ရှေ့ပိုင်းမှာ ရေးထားတဲ့ အကြောင်းအရာတွေကို လူငယ်တွေက အတုခိုးမှားပြီး လိုက်လုပ်ရင် လူငယ်တွေ ပျက်စီးကုန်မှာ စိုးတယ် ဆိုပြီး တော့ပြောတယ်။ ထုတ်ခွင့်လည်း မပေးဘူး”ဟု သမီးဖြစ်သူ ဒေါ်စန်းစန်းနုက ပြောသည်။
တာတေစနေသား စာအုပ်တွင် ဦးနုသည် ယင်း၏ ငယ်ဘဝက ဆိုးပေမှုများကို ပွင့်လင်းစွာ ရေးသား ဖော်ပြထား သည်။ ထို့ကြောင့် ယင်း စာအုပ်ပါ အကြောင်းအရာ တချို့သည် လူငယ်များ အတုခိုးမှားနိုင်သည်ဟု အကြောင်း ပြခြင်း ဖြစ်သည်။
ထိုသို့ ထုတ်ဝေခွင့် မရခဲ့ခြင်းသည် တာတေစနေသား စာအုပ်တွင် ရေးသား ဖော်ပြထားသည့် ဦးနု၏ ငယ်ဘဝ အတွေ့အကြုံကြောင့် မဖြစ်နိုင်ကြောင်း၊ စာအုပ်၏ နောက်ဆုံး အပိုင်းတွင် ဖော်ပြထားသည့် ၁၉၆၂ ခုနှစ် အာဏာသိမ်း မှုများနှင့် ပတ်သက်နိုင်ကြောင်း ဝန်ကြီးချုပ်ဟောင်း ဦးနှနှင့် နိုင်ငံရေး လုပ်ငန်းများ လုပ်ကိုင်ခဲ့သူ ဦးစောဝင်းက ပြောသည်။ ယင်းနှင့် ပတ်သက်၍ “၆၂ နှစ် အာဏာသိမ်းတဲ့ အချိန်မှာ စာအုပ်ကို အဆုံးသတ် ထားတယ်။ အာဏာသိမ်းရတာဟာ တိုင်းပြည် ချောက်ထဲကျဖို့ လက်နှစ်လုံးပဲ လိုတော့လို့ သိမ်းရတာလို့ ဗိုလ်ချုပ် နေဝင်းက ပြောတယ်။ အာဏာက သိမ်းချင်လို့သိမ်းတာ။ လက်နှစ်လုံးပဲ လိုတော့လို့ မဟုတ်ဘူး။ ဒီထဲ မှာ သေချာဖတ်လို့ ရှိရင်သိနိုင်တယ်။ ဝမ်းနည်းကြေကွဲဖို့ ကောင်းတယ်” ဟု ဦးစောဝင်းက ပြောသည်။
တာတေစနေသား စာအုပ် ရေးသားရသည် နှင့်ပတ်သက်ပြီး ဦးနုက သူ၏ သားသမီးများထံသို့ စာတစ်စောင် ရေးသား ခဲ့သည်။ စာပါ ရက်စွဲအရ ယင်းစာကို ၁၉၇၄ ခုနှစ် စက်တင်ဘာ ၇ ရက်နေ့တွင် ရေးသည်ဟု သိရ သည်။ ယင်းတွင် “စန်းစန်းနု၊ မောင်သောင်းထိုက်၊ အောင်အောင်၊ သန်းသန်းနု၊ ချိုချိုနုတို့၊ တာတေစနေသား လို့ နာမည်ရခဲ့ဖူးတဲ့ မင်းတို့ရဲ့ဖေဖေ ဦးနုဟာ ဆိုးတုန်းက အတော်ဆိုးခဲ့ပြီး၊ လူကောင်း တစ်ယောက် ဖြစ်အောင် အတော် ခက်ခက်ခဲခဲ ကြိုးစားခဲ့ရဖူးသူ ဖြစ်တယ်။ ဒီလိုလူစားမျိုး ဖြစ်တဲ့အတွက် သူ့ဘဝမှာ မကောင်းတာ တွေလည်း အများကြီး ရှိတယ်။ ကောင်းတာ တွေလည်း ရှိသလောက် ရှိတယ်။ ဒီစာအုပ်ကို ဖတ်ပြီး မင်းတို့ဟာ မင်းတို့အဖေရဲ့ မကောင်းမှုတွေ ကို ရှောင်၊ သူ့ထက် ပိုကောင်းအောင် မင်းတို့ ကြိုးစားနိုင်ကြမယ် ဆိုရင် ဒီစာအုပ် ကို ငါရေးရကျိုးနပ်ပြီ” ဟု ဖော်ပြခဲ့သည်။
“ကျွန်မတို့ မောင်နှမငါးယောက် နာမည်တပ်ပြီးတော့ အဖေက ဒီစာအုပ်ကိုရေးတယ်။ ဒါပေမယ့် သူ့သားသမီး ငါးယောက်ထဲ အတွက် ရည်ရွယ်ပြီး ရေးတာ မဟုတ်ဘူး။ စာအုပ်မှာ နာမည်တွေ အများကြီး သုံးလိုက်လို့ မကောင်းလို့သာ အဖေက ကျွန်မတို့ကို ပြောတဲ့ ပုံစံမျိုးနဲ့ ရေးတယ်။ တကယ်တော့ ကျွန်မတို့နဲ့ အတူတူ ကြီးပြင်းလာခဲ့တဲ့ မြန်မာပြည် တစ်ပြည်လုံးက လူငယ်တွေအတွက် ရည်ရွယ်ပြီးတော့ ရေးတာပါ”ဟု အထက် ဖော်ပြပါစာနှင့် ပတ်သက်၍ ဒေါ်စန်းစန်းနု က ပြောသည်။
တာတေစနေသား စာအုပ်တွင် ဦးနု၏ ငယ်ဘဝ၊ ကျောင်းသားဘဝ၊ သခင်ဘဝ၊ နိုင်ငံရေးဘဝ၊ မိသားစုဘဝ၊ ဝန်ကြီးချုပ် ဘဝနှင့် ၁၉၆၂ ခုနှစ်အထိ ဖြတ်သန်းခဲ့ရသည့် မြန်မာနိုင်ငံရေး အတွေ့အကြုံတို့ကို ဖတ်ရှု ရမည် ဖြစ်သည်။ ယင်းနှင့်ပတ်သက်၍ “ဒီစာအုပ်မှာ နိုင်ငံရေး ရှိတယ်။ သုတ ရှိတယ်။ ရသ ရှိတယ်။ ဘာသာရေး တွေမှာလည်း အရမ်းကောင်းတယ်။ ရသစာပေ အနေနဲ့ ဖတ်မယ် ဆိုရင်လည်း ရသစာပေအနေနဲ့ တန်ဖိုးရှိ တယ်”ဟု ဦးစောဝင်းက ပြောသည်။
ဦးနု၏ တာတေစနေသား စာအုပ်ကို ရေးသားပြီးနောက် နှစ် ၃ဝ ကျော်မှသာ မြန်မာနိုင်ငံတွင် ပထမဆုံးအကြိမ် အဖြစ် ထုတ်ဝေခွင့် ရခဲ့သည် ဆိုသော်လည်း အိန္ဒိယနှင့် အမေရိကတို့တွင် ထုတ်ဝေခဲ့ဖူးကြောင်းသိရသည်။ ယင်းနှင့် ပတ်သက်၍ အိန္ဒိယမှာတော့ ထုတ်ဖြစ်ခဲ့တယ်။ အမေရိကားမှာ ယေးလ်တက္ကသိုလ်က အင်္ဂလိပ်လို ထုတ်တယ်။ အိန္ဒိယမှာ ဦးမောသီရိက ထုတ်ခဲ့တယ်”ဟု ဒေါ်စန်းစန်းနုက ပြောသည်။
မြန်မာနိုင်ငံတွင် ပထမဆုံးအကြိမ်အဖြစ် ထုတ်ဝေခွင့် ရခဲ့ခြင်းကြောင့် ယင်းစာအုပ်မှ အကျိုးကျေးဇူးများ နှင့်ပတ်သက်၍ “သူ့ရဲ့ မကောင်းတာတွေကို ရှောင်ပြီးတော့ ကောင်းတာတွေကို အတုယူကြမယ်။ ကြိုးစား ပြီးတော့ လုပ်ကြမယ် ဆိုလို့ရှိရင် သူ ဒီစာအုပ်ကို ရေးရကျိုးနပ်ပြီလို့ ပြောထားတယ်။” ကျွန်မတို့ မောင်နှမ တွေက အသက် ၇ဝ တွေ၊ ၈ဝ တွေ ဖြစ်နေပြီ၊ လူငယ်လည်း မဟုတ်တော့ဘူး။ ဒါပေမယ့် ကျွန်မတို့ မျိုးဆက် တွေကစပြီး နောက်ပိုင်း မျိုးဆက်တွေ အတုယူ သွားနိုင်ရင်တော့ အများကြီး အကျိုးရှိသွားမယ်”ဟု ဒေါ်စန်းစန်းနုက ပြောသည်။
စာရေးဆရာ ဦးနု၏ တာတေ စနေသား စာအုပ်မိတ်ဆက်ပွဲအား စက်တင်ဘာ ၂၅ ရက်နေ့က ဗိုလ်တထောင် မြို့နယ်ရှိ HOME Media ခန်းမ၌ ကျင်းပရာ စာဖတ်ပရိသတ် များစွာတို့မှ တစ်ခဲနက်လာရောက် အားပေးခဲ့ ကြသည်။ ယင်းမိတ်ဆက်ပွဲ အခမ်းအနား၌ စာရေးဆရာ ဦးနု၏ သမီးဖြစ်သူ ဒေါ်စန်းစန်းနု၊ ဒီ/ ငြိမ်းပါတီမှ ဦးစောဝင်း၊ သတင်းစာ ဆရာ မောင်ဝံသနှင့် နိုင်ငံကျော် စာရေးဆရာများ ဖြစ်သည့် တက္ကသိုလ် စိန်တင်၊ ချစ်ဦးညို၊ မင်းလူ၊ မောင်သွေးသစ်၊ သစ္စာနီတို့မှ အမှတ်တရ စကားများ ပြောကြားခဲ့သည်။
Download ယူဖတ်လိုက်ပါ -www.mediafire.com တာတေစနေသား ( ဦးနု)
0 မှတ်ချက်:
Post a Comment