သစ္စာဖောက်ကဗျာ(၄)

ပထွေးနဲ့ရတဲ့ကိုယ်ဝန်ကို
မယားပါသမီးလေးငုံ့ကြည့်သလိုမျိုး
မင်းပိုက်ဆံအိတ်ကိုမင်းငုံ့ကြည့်လိုက်စမ်း
သမ္မာအာဇီဝဘယ်လောက်ဖိုးပါသလဲ
မင်းစီးနေတဲ့ကားဟာ
သူတစ်ပါးမျက်ရည်နဲ့မောင်းနှင်တာ
မင်းဖုန်းရဲ့အသံဟာ
ဆာလောင်မွတ်သိပ်သူတို့ညည်းသံနဲ့
မင်းမိန်းမစိန်နားကပ်မှာ
ငါတို့ချွေးတွေမခြောက်သေး
သွေးနံ့တောင်သဲ့သဲ့ရနေရဲ့။
မင်း.....မြန်မာမဟုတ်ဘူးလား....မြန်မာမဟုတ်ဘူးလား
ငါတို့ဆွေမျိုးသွေးသားအရင်းချာတွေကအဝေးကွင်းမှ
ဓလေ့စိမ်းတွေနဲ့ဖျားနေပြီ။
မင်းဟာအိမ်ရဲ့စုဗူးလေးကိုရိုက်ခွဲတယ်
အိမ်ရှေ့ကအရိပ်ရမျှော်လင့်ချက်ကလေးကိုခုတ်ပစ်တယ်
နေ့စဉ်နဲ့အမျှနာကျင်မှုတွေသာတောင်ပုံရာပုံ..။
မင်းရဲ့သမီးမင်္ဂလာဆောင်မှာ
ဗုံးမပေါက်တော့ပျော်တာပေါ့
မင်းဦးနှောက်ထဲမှာတော့
ယမ်းငွေ့တွေဝေနေတုန်းပဲ။
ဒီအသက်ဒီအရွယ်..
အငြိမ်းစားဆိုပေမယ့်
အစားငြိမ်းသွားတာမှမဟုတ်တာ
တောင်းစားပေါ့ကွာ
သစ္စာဖောက်ရဲနိဂုံးဟာဒါပဲ
မင်းဆိုတဲ့သီချင်းကမင်းကိုမျိုလိုက်ပြီ။       ။


သစ္စာဖောက်များသို့..............


                          အောင်မှူးဝေ


1 မှတ်ချက်:

zinlinn88 said...

ကဗျာဟာအမှန်တရားပဲတဲ့(ဖတ်ဖူးတာလေးပြောပြတာပါ)
ဒီကဗျာလေးမှာအမှန်တရားတွေနဲ့ပြည့်နေလို့စာသားတွေကအသက်ဝင်နေလို့
ခံစားမိပါတယ်....အရမ်းကြိုက်ပါတယ်ခင်ဗျာ..

Post a Comment

ခုနှစ်အလိုက် ရေးသားခဲ့သော စာများကို အောက်ပါလင့်များမှာ နှိပ်၍ ရှာဖတ်ပါ

ဒီဝက်ဆိုဒ်မှာအသစ်တင်တိုင်း FB ကနေ ဖတ်နိုင်ရန် အောက်တွင် Like ကို နှိပ်ထားပါ။ Like ပေါ်တွင် အမှန်ခြစ်ရှိနေပါက ထပ်နှိပ်စရာမလိုပါ။
×
Like ပြီးလျှင် X ကိုနှိပ်ပါဖုန်းထဲကိုထည့်ဖို့ မောင်(စွယ်စုံကျမ်း) ၀က်ဆိုဒ်၏ MSSK Apk Download Click Here