ခံစားချက်တွေမြစ်ဖျားခံ စီးဆင်းရုံပဲဆို
ငါ့မျှော်လင့်ခြင်းတွေကို မတိုက်စားပါနဲ့ 
တားဆီးပိုင်ခွင့်မရှိနိုင်လို့ ပါ .......။
မင်းအတွက်တဒင်္ဂသာပျော်မယ်ထင်ရင်
ငါ့ဘဝကိုကြိုးဆွဲကပြပေးဖို့ အသင့်ပဲလေ.....။
"ချစ်တယ်"ဆိုတဲ့စကားတစ်ခွန်းအတွက်
ချည်နှောင်ခြင်းဆိုတာကို တွန်းလှဲပြီး
တွယ်တာခြင်းတွေကို တမ်းပိုးခဲ့ရတယ်.....။
လရောင်ဆမ်းမှ ပွင့်ရတဲ့ကုမုဒြာထက်
နေရောင်ရှိရာနေရာရွှေ့ အလိုက်သင့် မျက်နှာမူပေးတတ်တဲ့
နေကြာပန်းပဲဖြစ်ပါရစေ.....။
အချစ်ကိုသိဖို့ တုန့်် ပြန်မှုတွေကိုမကြည့်ဘဲ
မင်းရဲ့အေးစက်စက်နှလုံးသားက
အမုန်းတွေပဲတန်ပြန်လာခဲ့တယ်.....
ချစ်ခဲ့ခြင်းတွေဖွင့်ဟဝန်ခံခဲ့ပြီးမှ
ဥပက္ခာသင့်သွားတဲ့ငါ့နှလုံးသား
အက်ကွဲကြောင်းတွေတောင်အစပြုနေပြီ......
မင်းအိပ်မက်ရဲ့ စာမျက်နှာတချို့
ငါဆုတ်ဖြဲလိုက်ချင်ပေမဲ့.....
ထားလိုက်ပါတော့
အကြွေပန်းကို ရေဖြန်းရုံလောက်နဲ့ 
ပြန်လန်းလာနိုင်မယ်လို့
မင်းထင်ခဲ့တာကိုး....
ငါ့ရဲ့ပျော်ရွှင်ခြင်းတွေကိုတော့မင်းနဲ့အတူ
ထာဝရထားခွင့်ပြုပါ........။
ငါလေ......
မင်းနဲ့ အဝေးဆုံးတစ်နေရာမှာ
အလွမ်းခေါ်ပြီး ကောင်းကင်ကိုမျှော်ကြည့်နေခဲ့တယ်
ကောင်းကင်တစ်ခုလုံးမမြင်နိုင်ပေမဲ့
ကောင်းကင် တချို့ကိုတော့မြင်ခဲ့တယ်.....
အလွမ်းတချို့နဲ့ လေပြင်တွေဟာ
မလင်းတလင်းကြယ်တွေကြား
တုန့် ပြန်လာနိုင်မယ့်အချစ်ကို
ပီပြင်ထင်ယောင်ဖို့ ဆိုတာ
ငါဘယ်တော့မှမျှော်လင့်လို့ ရနိုင်မှာမဟုတ်တော့ဘူး..........။ ။
လေလွင့်လူ (ကမာမြေ)
3 မှတ်ချက်:
အားပေးတယ်ဗျို့ 
အမောင် ကဗျာရေးတာ တော်လိုက်တာ....
“ကောင်းကင်တစ်ခုလုံးကို မမြင်နိုင်ပေမယ့်
ကောင်းကင်တစ်ချို့ကို မြင်ခဲ့တယ်”
ဘယ်ကောင်းကင်ကို မြင်ခဲ့တာပါလိမ့်?
Post a Comment