ဘာတံဆိပ်ကပ်ကပ် အလွမ်းကတော့အသစ်ပဲ
လူတွေဆိုတာ
သားဖွားခန်းက၀င်လာပြီး
မီးခိုးခေါင်းတိုင်ကနေပြန်ထွက်သွားကြတယ်
လောကကြီးနဲ့ဆက်ဆံရေးကအဲသလို။
ရုပ်ရှင်ရုံတွေအရှေ့မှာ
မှောင်ခိုလက်မှတ်ဝယ်ပြီးမှ
စွန့်စွန့်စားစားချစ်ရာရောက်တဲ့
ကောင်မလေးတွေလည်း
အပေါ်နှုတ်ခမ်းချိုပြီး
အောက်နှုတ်ခမ်းခါးတယ်။
ဒီမြို့မှာ
ချွေးထုတ်ခန်းတွေမလိုဘူး
အိမ်လခအကြောင်းလက်တို့ပြောကြရုံ
ချွေးပြန်တယ်
လမ်းဘေးဈေးသည်တွေရဲ့နာရီမေးသံ
တစ်နေ့စာဝမ်းရေးဟာ
ကားနံပတ်လိုအသေရေးပြီးသား။
ဘယ်လိုယဉ်ကျေးမှုနဲ့ဖြစ်ဖြစ်
ငါ့ကိုပြန်ချစ်ပါလင်းလင်းရယ်
ဒီမြို့မှာလိုနေတဲ့
ဆောင်းရာသီနဲ့ညည်းကိုတင်တောင်း
နာဇီအကျဉ်းစခန်းထဲက
ဂျစ်ပစီမလေးတွေ
ဗီတာမင်(စီ)လိုအပ်သလို
ညည်းလည်းငါ့ကိုလိုအပ်တယ်
ကမ္ဘာကြီးထဲမှာငါ့အတွက်
ရသင့်တဲ့အောက်စီဂျင်ဝေစုလို
ငါကလည်းညည်းကိုလိုအပ်တယ်
ဒီမြို့မှာ....။ ။
အောင်မှူးဝေ
3.11.2011
1 မှတ်ချက်:
ဘ၀ရသ ကိုအပြည့်ထင်ဟတ်နေတဲ့ကဗျာလေးတစ်ခုပဲဗျာ ကိုအောင်မှုးဝေရေ..ကိုကြီးဘကြိုင်ကလည်းကျေးဇူးပါတဲ့ ဗျာ
ကဗျာကောင်းတွေဖတ်ခွင့်တင်ခွင်ရလို့  မောင်(စွယ်စုံကျမ်း) ကလည်း
ကျေးဇူးအထူးတင်ပါကြောင်း.............
Post a Comment