ပြည်တွင်းစစ်ဆိုတာဥာဏ်နည်းသူတို့ရပ်ဝန်းမှာရွာတဲ့မိုးတဲ့
ငါတို့ဆီမှာထစ်ချုန်းမစဲနိုင်ဘူး မိုးသီးတွေတောင်ကြွေလို့။
ငါတို့မစီးဖူးတဲ့လေယာဉ်ပျံတွေဟာ
စစ်ပွဲကိုတင်ဆောင်လာကြသလားငါတွေးတယ်။
ကျောက်ခေတ်ကနေဒီနေ့အထိငါတို့နားသောတဆင်စရာသီချင်း
စစ်ပွဲသတင်း
လိုအပ်ချက်တွေ သွေးရနံ့တွေထည့်ဆိုထားတယ်
ကိုယ့်သွေးကိုယ်ပြန်လျှက်နေပြီဆိုရင်
တိရစ္ဆာန်ဇာတ်ခင်းနေပြီပဲ
အပင်တစ်ပင်လုံးသွေးတွေရဲနေတဲ့ဇာတ်ဝင်ခန်းဟာ
ငါတို့မခေါ်ပဲရောက်ရောက်လာတာဘာသဘောလဲ
မှော်သွင်းပြကွက်နောက်ခံတီးလုံးနဲ့တီးခတ်ထားတယ်
ဒီစီထဲကဘဝတွေ ဒီစက်ထဲမှာလူးလာခေါက်တုန့်ထစ်နေတယ်
စာသင်ခန်းတွေမိုးမလုံဘူး
လက်နက်စက်ရုံတွေမိုးလုံတယ်
ဆေးတွေမရှိဘူး
ကျည်ဆံတွေတော့ပေါလာတယ်
ဒီတော့
ကျည်ဆံနဲ့ပဲဆေးကုရတော့မလား။
ပလိုင်းထဲကပိန်းဥလေးတွေပုပ်နေလည်းစားရတာပဲ
လိုင်ဇာ..ပန်ဝါကဘဝတွေ
မင်းတို့မျက်စိကောင်းရင်
ကလေးတွေကိုကြည့်ပါ။
သီချင်းကအော်ဒီယိုသက်သက်
အသံပဲအဆံမပါဘူး
သီချင်းကကြေကွဲစရာတွေပြောပြနေပြန်တယ်။
တောင်ပေါ်ကရနိုင်သမျှစားစရာတွေ
ရေလုံပြုပ်စားသလိုပါပဲ
ဘဝတွေကိုသမိုင်းကရေလုံပြုပ်နေတယ်။
နေ့စဉ်နဲ့အမျှငါတို့အပေါ်ရွာချနေတဲ့
အခြေအမြစ်မဲ့စကားလုံးတွေအတွက်
ငါတို့နားတွေကို ပျားရည်သီချင်းနဲ့အဆုံးသတ်ကြမယ်
စစ်ပွဲသတင်းတွေအဆုံးမသတ်ရင်
ငါတို့အားလုံးအဆုံးသတ်သွားနိုင်တယ်
ဒီကဗျာပြီးရင်
ငါလှဲအိပ်တော့မယ်
စစ်မက်ကင်းမဲ့ကြောင်းထောက်ခံစာနဲ့အိပ်မက်တို့
ငါ့ထံရောက်လာပါစေသတည်း။ ။
အောင်မှူးဝေ
၁ ၊ ၆ ၊ ၂၀၁၂
.
0 မှတ်ချက်:
Post a Comment