မခင်စန်းမူ(သို့မဟုတ်)ကြည့်မ၀တဲ့ရုပ်ရှင်


ဟိုး....အဝေးကြီးက
ရွှေဝါရောင်အမှုန်အမွှားတွေနဲ့မြို့ကလေးမှာ
သူ့ရယ်သံအက်ရှရှကလေးတွေဟာလည်း
တလက်လက် တောက်ပနေပါလိမ့်မယ်ပေါ့
သူ့ကို
ကျွန်တော်ရောက်လေရာ ခေတ်စံနစ် တစ်ခုခုကနေ
အသက်ဓာတ်တွေ အကုန်စုသုံးပြီးတော့လွမ်းခဲ့တယ်..ဆိုတဲ့အကြောင်း
မိုးလလွတ်ကင်းပြီးစ စွယ်တော်ပွင့်ကလေးတွေ သိကြတယ်။
ဟောဒီမှာ...
ကျွန်တော့်ငယ်ဘဝနဲ့သိမ်းထုပ်ထားတဲ့ သံယောဇဉ်တွေ
သူ့အတွက်ပေါ့ဗျာအလွမ်းတွေတောင်ဖန့်လို့
ကျွန်တော်က နွယ်နဲ့ပွင့်တဲ့ပန်းဆိုရင်တောင်မှ
သူ့အိမ်ခြံစည်းရိုးမှာပဲခွေနေခွင့်ရချင်ခဲ့သူပါ။
ဗျောက်အိုးသံတွေကြားထဲကနေဖောက်ထွင်းပြီး
သူပျော်နေတဲ့ရာသီတော်ဦးမှာ
အညာရနံ့ကိုဖုန်းလှမ်းခေါ်လိုက်တော့
တမာရွက်များရဲ့ကြေကွဲသံတွေဝင်လာ
ဘူတာရုံဆွေးဆွေး ကဖေးအိုအိုထဲက လွင့်ပျံလာတဲ့သီချင်းက
စိုင်းထီးဆိုင်လေ အညာကိုပြန်ချင်တယ်..တဲ့
အလုပ်ကမပြီးသေးခင်စိတ်ကရောက်နှင့်ပြီ
ကြင်နာသူတွေဆီ..တဲ့။
နတ်သမီးသေတ္တာထဲက မီးခိုးငွေ့တွေလို
အညာမှာ ပူတာကလည်းတငွေ့ငွေ့
မြို့အိုလေးရဲ့သွေးကြောများအတိုင်း
စိတ်ကိုလှိမ့်ချလိုက်တာနဲ့
တရုတ်ဆိုင်ကယ်တစ်စီးစီးကိုဝင်ဆောင့်တော့တာပဲ။
ကျွန်တော်က
အလွမ်းမာမာတွေနဲ့ကြေးနီရောင်ထနေတဲ့သတိရစိတ်ကိုပဲ
ကျွန်တော်ကြည့်လို့မဝတဲ့ရုပ်ရှင်လေးဆီ ပို့လွှတ်နေရသူ
လက်ကိုင်ပုဝါနှစ်ထည် အနားစချင်းပူးချည်ထားသလို
ဘဝချင်းပူးချည်ထားလို့ရမလား။
မခင်စန်းမူရေ..
သူနဲ့ပတ်သက်လာရင် ကျွန်တော်က
စက်ထဲညပ်ပါသွားတဲ့အဝတ်စလေးတစ်ခုလို
ဘယ်လိုမှကိုရုန်းမရခဲ့ဘူး။
နှုတ်ခမ်းပါးပါးညိုညိုလေးထဲကကျွန်တော့်အတွက်
မြတ်နိုးဖွယ်ရာ စကားဘယ်နှခွန်း ထွက်ကျလာမှာလဲ
ညအိပ်မီးပြာပြာလေးအောက်မှာ
အချစ်အကြောင်းတွေးလိုက်တိုင်း
ကြမ်းတမ်းတဲ့ခွန်အားတစ်မျိုး ကိုယ်ထဲပူးဝင်လာ
ဒီနည်းနဲ့
အတွေးအခေါ်တွေကိုပုံဖျက်ပစ်ရတာ
မောတယ် မခင်စန်းမူ။
ရုပ်ရှင်ရုံဟာ လူတွေကိုမောပန်းစေတတ်ပါသလား။
ခုချိန်ဆိုသူက
သြဘာလမ်းထိပ် နှင်းရိပ်ဝေသီနှစ်ထပ်အိမ်ကလေးမှ
တလှုပ်လှုပ် သူလုပ်ချင်တာလေးတွေလုပ်လို့
ကျွန်တော်က ရန်ကုန်မှာ ဆောင်းအတု နှင်းအတု
မေတ္တာအတုတွေနဲ့ လက်တလှုပ်လှုပ် နှလုံးသားတလှုပ်လှုပ်
အချစ်နဲ့ဝေးတဲ့ နေ့စဉ်ဖြတ်သန်းမှုတွေဆိုတာ
ကိုယ့်အဓိပ္ပာယ်နဲ့ကိုယ်ရှုပ်ထွေးနေရတာပဲထင်ရဲ့။
သူ့အစမှာ ကျွန်တော်ကဆုံးနေတဲ့ကဗျာတစ်ပုဒ်လို
အပြုံးရိပ်တွေကဆပ်ပြာပူဖောင်းတွေနဲ့အတူတဖောက်ဖောက်ပေါက်လို့ကွဲလို့
ဇာတိမြို့ကလေးရဲ့ ညနေခင်းကျီးပြိုသံတွေ
ခိုညည်းသံတွေကြားထဲ
သူ့ဂီတဟာ ငုပ်ဝင်ပျောက်ကွယ်လို့
သူ့မျက်လုံးတွေကသိပ်သိပ်ချစ်ဖို့ကောင်းတယ်မခင်စန်းမူ
မြစ်ရေပြင်ပေါ် လရောင်တွေ ကိုယ်ဖော့ပြေးနေသလိုပေါ့။
ကျွန်တော့်မြို့ကလေးရဲ့
(သူရှိနေမယ့် ကျွန်တော့်မြို့ကလေးရဲ့)
လမ်းမီးရောင်မှာ နှင်းပွင့်လေးတွေဟာ
စိန်တုံးကလေးတွေလို တဖျပ်ဖျပ်တောက်ပနေပါလိမ့်မယ်
ဟိုး....အဝေးကြီးကရုပ်ရှင်ကို
ကျွန်တော်ငေးကြည့်နေရပုံများပေါ့မခင်စန်းမူ
ပိတ်ကားကြီးရှေ့မှာမော့ကြည့်နေသူဟာ
ကျွန်တော်ကလွဲပြီးဘယ်သူဖြစ်နိုင်ဦးမှာလဲ
အချစ်ဟာအချစ်ပဲဖြစ်ပြီး
အခြားသောအရာဖြင့်အစားထိုးသုံးစွဲလို့မရသေးကြောင်း
ကမ္ဘာ့ချစ်တတ်သူများအဖွဲ့ကြီးမှရိုက်ကူးထုတ်လုပ်လိုက်တဲ့ရုပ်ရှင်
ကျွန်တော်တို့ကြည့်မဝတဲ့ရုပ်ရှင်
လရောင်အောက်က
မြထောင်ချောက်ပါပဲ
နူးညံ့စွာ တိုးဝင်ခဲ့ကြပြီ။   ။


အောင်မှူးဝေ
(အချစ်ကဗျာရေးပါဦးဆိုလာသူများသို့လေးစားစွာဖြင့်...)


.


0 မှတ်ချက်:

Post a Comment

ခုနှစ်အလိုက် ရေးသားခဲ့သော စာများကို အောက်ပါလင့်များမှာ နှိပ်၍ ရှာဖတ်ပါ

ဒီဝက်ဆိုဒ်မှာအသစ်တင်တိုင်း FB ကနေ ဖတ်နိုင်ရန် အောက်တွင် Like ကို နှိပ်ထားပါ။ Like ပေါ်တွင် အမှန်ခြစ်ရှိနေပါက ထပ်နှိပ်စရာမလိုပါ။
×
Like ပြီးလျှင် X ကိုနှိပ်ပါဖုန်းထဲကိုထည့်ဖို့ မောင်(စွယ်စုံကျမ်း) ၀က်ဆိုဒ်၏ MSSK Apk Download Click Here