Sunday, November 4, 2012

တောသားအတွေးနဲ့ ငြိမ်းချမ်းရေး


တောသားဘဝနဲ့

တောက အလှတွေက

ရင်ထဲကို အေးမြစေပါတယ် အမေ.........။

နေညိုချိန် ညနေစောင်းက

မြူခိုးတွေ ရစ်ဝိုင်းနေတဲ့ တောင်တန်းတွေရဲ့ကြား

ငုပ်လျှိုး ကွယ်ပျောက်တော့မယ့် နေလုံးနီနီ

မျက်လွှာလေးချ အိပ်စပြုနေတဲ့ သစ်ပင်လေးတွေ

ဆည်းဆာအလှတွေကြား လေညှင်းလေးတွေနဲ့

စပါးပင်လေးတွေကလည်း ယိမ်းကနေကြတယ်

မြင်မြင်သမျှ အေးမြတယ်အမေ....

ကျွန်တော်တို့လည်း ဘာမှမသိဘူး....

 လောဘဆိုတာလည်း မကြီးခဲ့ဘူး......။

မြို့ကြီးဆီိကိုရောက်

ကျွန်တော် အွန်လိုင်းပေါ် မျက်စိမှောက်ခဲ့ရပြီ............။

နေ့စဉ်တိုင်း တွေ့နေရတာက

ကမ္ဘာ့နိုင်ငံ အသီးသီးက နည်းအမျိုးမျိုးနဲ့ သိမ်းပိုက်ချင်နေကြတဲ့

ကျွန်တော်တို့ မြန်မာပြည်.......

လူမျိုးရေး သဘောတရားနဲ့

 သွေးထိုးစကားတွေကိုလည်း တွေ့ရတယ်

ခေတ်မှီတဲ့ နိုင်ငံကြီးတွေက တင်ဆက်တဲ့ ခေတ်မှီတဲ့

လူသတ်လက်နက်တွေ...............

ကျွန်တော် ရင်တွေ ပူနေတယ် အမေ............။

မာကျူရီ အလင်းမရလဲ

လမင်းကိုကြည့်တာ အေးမြပါတယ်

လေယာဉ်ပျံ မစီးရလည်း

လှည်းယာဉ်လေးစီးတာ အေးမြပါတယ်

မွေ့ယာပေါ် မအိပ်ရလည်း

 မြက်ဖျာပေါ် အိပ်ရတာ အေးမြပါတယ်

ညံ့ဖျင်းတဲ့ စိတ်ဓါတ်လို့ ထင်မလား

လူသားတွေ ငြိမ်းချမ်းဖို့ကို လိုလားတယ်အမေ.............။

စေတနာ ရှေ့ထားတဲ့ အမေ့ရဲ့

 မေတ္တာပို့ တရားသံကို လွမ်းတယ်

ဆွမ်းချက်ဖို့ကို အချက်ပေးတဲ့

ရွာဦးကျောင်းက အုန်းမောင်းသံလေးရယ်

နံနက်ခင်း အာရုဏ် အတက်မှာ

လင်းကြက်တွန်တဲ့ အသံလေးတွေကို

လွမ်းတယ်.........................။

အမေရယ်...........

တောသားဘဝ တောအလှက

နှလုံးသားကို အေးမြစေခဲ့တာ အမှန်ပါ

လောဘ မုဆိုး တွေ ပေါများပြီး

လူတွေနေထိုင်တဲ့ ကမ္ဘာကြီးကို

လူတွေပြန်ပြီး ဖျက်စီးနေကြတယ်လို့ တွေးမိရင်

ကျွန်တော့်ရင်တွေ ပူတယ်အမေ

ဒါ (ခေတ်မှီလာတဲ့) မြို့ပြရဲ့ စရိုက်တွေပေါ့..........။



ညီညီ(မြန်အောင်)
 
.


8 မှတ်ချက်:

တောက်ပကြယ်စင် said...

ကဗျာလေး ထိတယ်။ အရမ်းခံစားရတယ်။ ချမ်းမြေ့ပါစေ...
ခင်မင်တဲ့

မေဝင်း789 said...

(တောသားဘဝ တောအလှက
နှလုံးသားကို အေးမြစေခဲ့တာ အမှန်ပါ
လောဘ မုဆိုး တွေ ပေါများပြီး
လူတွေနေထိုင်တဲ့ ကမ္ဘာကြီးကို
လူတွေပြန်ပြီး ဖျက်စီးနေကြတယ်လို့ တွေးမိရင်
ကျွန်တော့်ရင်တွေ ပူတယ်အမေ)
ဒီစာပိုဒ်လေးကိုအကြိုက်ဆုံးပဲ
ဖိုးဖိုး မြေးလေးအားပေးသွားတယ်နော်

ညီလင်းနိုင် said...

ကဗျာကောင်းလေးကို မျှဝေခံစားခဲ့ပါတယ်ဗျာ ။

ဆက်လက်ထုဆစ်နိုင်ပါစေ ။

မြတ်နိုးသူ said...

ဆွမ်းချက်ဖို့ကို အချက်ပေးတဲ့

ရွာဦးကျောင်းက အုန်းမောင်းသံလေးရယ်

နံနက်ခင်း အာရုဏ် အတက်မှာ

လင်းကြက်တွန်တဲ့ အသံလေးတွေကို

လွမ်းတယ်........
ကဗျာလေးအားပေးသွားပါတယ်

စံပယ်ချို said...

လူတွေ နေထိုင်ပြီးလှကတဲ့ကမ္ဘာ လူတွေပြန်ပြီးဖျကိစီးနေတယ်
အဲတာ အဟုတ်ပဲ သာမက်လေးရေ
ယောက်ခမ

Unknown said...

အားပေး သွားပါတယ် ကဗျာလေးဖတ်ပြီးတော့ မြန်အောင်ကိုလွမ်းတယ်ဗျာ ...

laylwintlu said...

အရမ်းကောင်းတယ်ဗျာ ကဗျာက

fighter said...

Very Very good!!!!Thank You!!!!

Post a Comment

ခုနှစ်အလိုက် ရေးသားခဲ့သော စာများကို အောက်ပါလင့်များမှာ နှိပ်၍ ရှာဖတ်ပါ

ဒီဝက်ဆိုဒ်မှာအသစ်တင်တိုင်း FB ကနေ ဖတ်နိုင်ရန် အောက်တွင် Like ကို နှိပ်ထားပါ။ Like ပေါ်တွင် အမှန်ခြစ်ရှိနေပါက ထပ်နှိပ်စရာမလိုပါ။
×
Like ပြီးလျှင် X ကိုနှိပ်ပါဖုန်းထဲကိုထည့်ဖို့ မောင်(စွယ်စုံကျမ်း) ၀က်ဆိုဒ်၏ MSSK Apk Download Click Here