မန္တလေးလိုနန်းမြို့ရိုးတွေမရှိလို့လား
ရန်ကုန်လိုတိုက်တာကြီးတွေမရှိသေးလို့လား
အဲဒီမြို့လေးကလူတကာရဲ့ပါးစပ်ဖျားမှာ
အရောင်နဲနဲမှိန်တယ်...
သူကျောပေါ်မှာနာဂဝံသ
နဂါးတစ်ကောင်လိုလူးလွန့်
သူ့ခြေရင်းမှာမြစ်သုံးပွင့်ဆိုင်
သံလွင်၊ဂျိုင်း၊အထ္ထရံ
အိမ်မက်တံတားကြီးကိုထမ်းပိုးလို့
ကြည့်လေရာနေရာတိုင်းမှာက
ရွှေဝါရောင်တဝင်းဝင်းနဲ့တန်ခိုးကြီးစေတီတွေ
ဧည့်ဝတ်ကျေတာထက်လွန်အောင်
ထမင်းခေါ်ကျွေးလွန်းလို့
ဧည့်သည်တွေထွက်ပြေးရတဲ့
ဘီလူးကျွန်းဆိုတာသူ့ညီလေး
ရှုမဆုံးအောင်လှတဲ့
ထန်းပင်တန်းနဲ့ကျိုက်မရောမြို့ဟာ
သူ့ရောင်ရင်းမိတ်ဆွေ
တခေတ်တခါကနေအခုချိန်ထိ
လုံမပျိုတွေချောတဲ့မြို့တော်
တခေတ်တခါကနေအခုချိန်ထိ
ဒူးရင်း၊ကြက်မောက်၊ကျွဲကော
အသီးအနှံ့တို့ရဲ့မြို့တော်
တခေတ်တခါကနေအခုချိန်ထိ
အလင်းထဲကနေအမှောင်ခိုတဲ့မြို့တော်
ဘုံပြတ်ခေါ်မြင်းလှည်းတွေနဲ့
မွန်စကားသံဝဲဝဲ၊မွန်သံပီပီသသပါ
ကြားနိုင်တဲ့မြို့တော်
မယုံရင်သူတို့ချစ်တဲ့မြို့အကြောင်း
သူ့မြို့ခံလူတွေမေးကြည့်
ဟုတ်တယ်...
ငါတို့ဟာအမျိုးကိုချစ်လို့မြို့ကိုပါချစ်တဲ့
အမျိုးချစ် ၊မြို့ချစ်တဲ့သူတွေ
ဟုတ်တယ်..
ဒီမြို့ကိုသေမလောက်မြတ်နိုးကြတယ်
ဟုတ်တယ်....
ဒီမြို့နဲ့ခဏလေးဝေးရင်တောင်
ငါတို့သေမလောက်လွမ်းကြတယ်
ခဏလောက်ဝင်ကြည့်လိုက်စမ်းပါ
အဲဒီမြို့ချစ်သူတွေရဲ့ရင်ဘတ်ထဲ
သူတို့မြို့ရဲ့ ဂုဏ်ရောင်တလက်လက်ကို
ခင်ဗျားအမြင်ကတ်အောင်
သူတို့ရွတ်ဖတ်ပြလိမ့်မယ်...
Credit with Respect bro - သားကြီး
0 မှတ်ချက်:
Post a Comment